DVB Logo
Home
Lead Story
ခေတ်ပြိုင်လူထုရင်ခုန်သံ
DVB
·
May 12, 2022
ခေတ်ပြိုင်လူထုရင်ခုန်သံ
Donate to DVB

( ၁ )

၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၊ သောင်ပုရွာ။

ကျနော်က ရွာခြေဆီကို လှမ်းမျှော်ကြည့်နေမိသည်။ လရောင်မှာ အင်းကွင်းကြီးတခုလုံးပေါ် သွန်ကျနေ၏။ နှင်းထုသည်ပင် လရောင်ကို တင်းခံနိုင်ဟန်မတူ။ နှင်းထုကို ထွင်းဖောက်ကာ စစ်တောင်းမြစ်ဘေး ရွာခြေအထိ လှမ်းကြည့်လို့ မြင်နေရ၏။

သောင်ပုရွာကလေးဆီက မည်သည့်အသံမျှ မကြားရ။ ယုတ်စွအဆုံး ကလေးငိုသံ၊ ခွေးဟောင်သံပင်လျှင် မကြားရ။ ညဉ့်သန်းခေါင်ရှိတော့မည်ဟု ခန့်မှန်းသည်။ သည်လိုညမျိုးမှာမှ တရွာလုံး ထူးထူးခြားခြား မှတ်မှတ်ရရ တိတ်ဆိတ်ငြိမ်သက်လွန်းစွဟု ကျနော် တွေးမိသည်။

ကျနော်နှင့်ကပ်လျက် ချုံတောထဲ တိုးအိပ်နေသော မောင်လှအေးဆီက ဟောက်သံ ကြားရသည်။ တစ်တီတူးတကောင်၏ ဆက်ကာဆက်ကာ အော်မြည်သံကို ကြားလိုက်ရသဖြင့် ကျနော့်ခေါင်းမှာ ပိုပြီး ထောင်မတ်သွားရ၏။ အတန်ကြာသည်အထိ မည်သည့်အသံမျှ မကြားရသည်ရှိကာမှ စိတ်အေးသွားကာ သစ်ရွက်ခြောက်များပေါ် တုံးလုံးလှဲလိုက်ရ၏။ ယခုတညပါနှင့်ဆိုလျင် ကျနော်အပါအဝင် သောင်ပုရွာသားတွေ ပေါ်တာဆွဲသည့်ဘေးမှ လွတ်ရန် အင်းကွင်းထဲ လာရောက်ပုန်းအောင်း အိပ်စက်ကြရသည်မှာ ၄ ည ရှိခဲ့ပြီ။

( ၂ )

၁၉၉၃၊ ဒီဇင်ဘာလ မာနယ်ပလော။

ကျနော့်ရှေ့တွင် နဝတစစ်တပ်မှ ထွက်ပြေးလာသော အထမ်းသမားနှစ်ဦး ထိုင်နေသည်။ နှစ်ဦးစလုံး ဖြူးမြို့နယ်ကချည်း ဖြစ်ကြ၏။ သူတို့၏ အတွေ့အကြုံများကို ကျနော် နားထောင်သည်။ သူတို့သည် နဝတစစ်တပ်၏ ဖမ်းဆီးခြင်းခံရကာ ပေါ်တာ (အထမ်းသမား) အဖြစ် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ရောက်လာကြရ၏။ ကရင်တော်လှန်ရေးတပ်ဖွဲ့တချို့နှင့် နဝတစစ်တပ်တို့ တိုက်ပွဲဖြစ်နေစဉ် ခြေဦးတည့်ရာ ထွက်ပြေးရင်း တော်လှန်ရေးတပ်ဖွဲ့နှင့် တွေ့ဆုံကြရခြင်း ဖြစ်သည်။

သူတို့ထံက သတင်းမျိုးစုံ ကျနော်ကြားရသည်။ ပေါ်တာအဆွဲခံရပြီး မိတကွဲ ဖတကွဲ သေကွဲ ရှင်ကွဲ ဖြစ်ကြရသည့် သူတို့ရွာသားများ၏ အဖြစ်အပျက်များကို ကျနော် နားထောင်၏။ ထိုအခါ ကျနော် တော်လှန်ရေးနယ်မြေဘက်သို့ မကူးပြောင်းခင်အချိန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလအတွင်း ပေါ်တာဘေးမှလွတ်ရန် အင်းကွင်းထဲ၌ ပုန်းအောင်းအိပ်စက်ခဲ့ရသည့် ညများကို ပြန်လည် တွေးမိလာရ၏။

( ၃ )

၁၉၉၈ ခုနှစ်တွင် ကဗျာဆရာမ ခိုင်မာကျော်ဇော၏ “ခြေရာပျောက်” ကဗျာကို ကျနော် ဖတ်ခဲ့ရ၏။ နောင် အလျဉ်းသင့်သည့်အချိန်တိုင်း ယင်းကဗျာကို ဖတ်ခဲ့၏။ ဖတ်မိသည့်အချိန်တိုင်း ကျနော့်ဘဝ တစိတ်တပိုင်းနှင့် နှိုင်းယှဉ်ကာ ကဗျာတပုဒ်၏ တန်ဖိုးကို ပိုမိုနားလည်လာရ၏။

အခုတဖန် “ခြေရာပျောက်” ကဗျာကို ထပ်မံဖတ်ရှုရပြန်ပြီ။ ကဗျာ၏ ပထမစာပိုဒ်.......

စလယ်ဝင်အိုးထဲမှာ

ထမင်းသိုးတာလည်း များခဲ့ပြီ။

ဒီကဗျာပိုဒ်က ဒီအိမ်မိသားစုတွင် အလွန်ဆုံးရှိလှမှ မိသားစုဝင် ၂ ဦးထက် မပိုသည်ကို ညွှန်းသည့် ကဗျာပိုဒ်။ ဒီကြားထဲ တစလယ်ချက် ထမင်းအိုးတောင်မှ မကုန်လို့ သိုးလို့ သွန်ပစ်နေရတယ် ဆိုပါလား။ ဘာကြောင့်များပါလိမ့်။ ဒုတိယကဗျာပိုဒ်...

သစ်ရွက်တွေ လေတိုးလို့

ရိုးတိုးရိပ်တိတ် ဖြစ်ရင်တောင်

ယောင်ယောင်ပြီး ခေါ်မိပါရဲ့။

ဒီကဗျာပိုဒ်တွင်မူ ကဗျာ့ပရိယာယ်ကို သိသိသာသာ တွေ့ရသည်။ ကဗျာဆရာက ကဗျာဖတ်သူကို တစိတ်တပိုင်း တကွက်တလေသာ လှစ်ပြလိုက်သည့် သဘော။ ကဗျာဖတ်သူမှာ ပြီးပြည့်စုံသည့် သတင်းအချက်အလက်ရဖို့ ကဗျာဆရာ ခေါ်ရာနောက် မလိုက်ဘဲ ရပ်နေလို့မဖြစ်။ နောက်တပိုဒ် ဆက်ဖတ်ရပြန်သည်။

ဆယ်ရက်တဲ့

ကွမ်းသီးလုံးတွေပေါ်

ထုံးကွင်းပြီး မှတ်ခဲ့ရ။

ကဗျာပိုဒ် သုံးပိုဒ် ရှိလာခဲ့ပြီ။ တပိုဒ်နှင့်တပိုဒ် သိပ်ပြီး အဆက်အစပ် မရှိဘူးဟု ထင်ရသည်။ သေချာတာကတော့ မိသားစုအရေအတွက် အင်မတန်နည်းသည့် မိသားစုတစုအကြောင်း ပြောနေသည်ကိုမူ ငြင်းလို့မရ။ ဒါပေသည့် ဒုတိယအပိုဒ်နှင့် တတိယအပိုဒ် တခုနှင့်တခု ဆက်စပ်ပြီး တွေးလို့မရသေး။ ပြည့်စုံသည့်အချက်အလက် ရရှိဖို့ရန် ကဗျာဖတ်သူအဖို့ ရောက်သည့် နေရာတွင်ပင် ရပ်ထားလို့ မရ။ သိချင်စိတ်ကို ကဗျာရေးသူကပဲ နှိုးဆွပေးလိုက်ခြင်း ဖြစ်သည်။ နောက်ထပ် ကဗျာပိုဒ်များကို ကျနော်တို့ မလွဲမသွေ ဆက်ပြီးဖတ်ရလေတော့၏။

မှတ်မှတ်ရရ ရှိပါတယ်

လဆန်းရက်တည

ခွေးဟောင်သံတွေ ကြားရ

စစ်ဖိနပ်သံတွေ ကြားရ

ပြေးလွှားသံတွေ ကြားရ

အဲဒီညမှာ

အဘိုးကြီးကို ခေါ်သွားတာပါ။

နေ့နေ့ညည

အတက်အဆင်းတွေကကြမ်း

အလေးအပင်တွေ ထမ်းပြီး

ပန်းဖျားများ ဖျားနေမလား။

ခါးဝတ်ခါးစား

ခြုံစောင်ပါးပါးနဲ့

ပန်းနာရင်ကြပ်

အသက်ရှူမှ ဝ ပါ့မလား။

ဒူးဆစ်တွေမခိုင်ဘဲ

အယိုင်ယိုင်အလဲလဲ ဖြစ်ရင်လည်း

အဆဲအဆိုစက်ကွင်းက လွတ်ကင်းပါရဲ့လား။

တနေ့တနေ့

တံစက်မြိတ်ဝက

ပုံရိပ်ကိုပဲ တထိတ်ထိတ်နဲ့ မျှော်ခဲ့ရ။

အဘိုးကြီးရဲ့ ဆယ်ရက်ခရီး

ထုံးကွင်းပြီး ကွမ်းသီးတွေလည်း

ပလိုင်းကြီးတလုံး ပြည့်တော့မယ်။

“ခြေရာပျောက်”ကဗျာသည် ဝတ္ထုတိုတပုဒ် ကောင်းကောင်းရေးလို့ရသည့် အကြောင်းအရာကို “ကဗျာ” ဖွဲ့ထားခြင်း ဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် ဝတ္ထုရေးလို့ရသည့် အကြောင်းအရာကို ကဗျာနှင့်ဖော်ပြလျှင် ထိုကဗျာမျိုးကို ကျနော် ရင်မခုန်တတ်။ သို့သော် ကဗျာဆရာက ကဗျာ့ပရိယာယ်သုံးကာ ကဗျာဖြစ်အောင် ကြိုးပမ်းခဲ့၏။ ပြီးတော့ အလွန်ချစ်စရာကောင်းပြီး ရိုးသားဖြူစင်လွန်းသည့် ကရင့်ရိုးရာ ယဉ်ကျေးမှုရေး အလေ့အထတခုကို အသုံးပြုပြီးမှ ကဗျာကို အားယူ၏။ ဥပမာ “ကွမ်းသီးလုံးပေါ် ထုံးကွင်းပြီး အရေအတွက်မှတ်သည့် ဓလေ့”...။ ပြီးတော့ “ပလိုင်း”။

“ခြေရာပျောက်” ကဗျာကို ဖတ်ရသည့်အခါ ၁၉၉၁ ခုနှစ်က အုတ်တွင်းမြို့နယ် ရေအိုးစဉ် ကျေးရွာအုပ်စု ကျနော်အပါအဝင် ရွာသားတွေ ပေါ်တာဘေးမှ လွတ်အောင် အင်းကွင်းအစပ် တောထဲ တောင်ထဲ ညစဉ်ညတိုင်း ပုန်းအောင်းအိပ်စက်ခဲ့ရပုံတွေကို သတိရလာခဲ့ရ၏။ ကျေးလက်နေ မိလက္ခူတို့၏ ရိုးသားဖြူစင်ခြင်း၊ ဆင်းရဲခြင်း၊ ပညာချို့တဲ့ရခြင်း ဘဝများအပေါ် နှစ်ပေါင်းငါးဆယ်ကျော် ဖိနင်းထားသည့် ပြည်တွင်းစစ်ကို ကျနော် တွေးမိလာရ၏။ စစ်အာဏာရှင်တို့၏ ဖိနှိပ်ရက်စက်မှုများကို မြင်ယောင်လာရ၏။ ပြည်တွင်းစစ် ဖြစ်လာရခြင်းနှင့် စစ်၏ လက်သည်တရားခံများကို သိချင်လာရ၏။ စစ်ပွဲများ ထာဝရ နိဂုံးချုပ်စေနိုင်သော နည်းလမ်းများကို သိချင်လာရ၏။

ကဗျာဆရာကြီး ဒဂုန်တာရာက ခေတ်ပေါ်ကဗျာနှင့်ပတ်သက်ပြီး မှတ်ချက်တခု ပေး၏။ “ခေတ်ပေါ်ကဗျာ ဆိုသည်မှာ ခေတ်ပြိုင်ခံစားမှုကို ဖော်ကျူးခြင်း ဖြစ်သည်” ဟု....ဆို၏။ ကဗျာဆရာမ ခိုင်မာကျော်ဇော၏ “ခြေရာပျောက်” ကဗျာသည် ကျနော်တို့ ဖြတ်သန်း ကြီးပြင်းရသည့် ထမ်းပိုးတန်းဘဝများကို ဖော်ကျူး၏။ ခေတ်ပြိုင် ကျေးလက်လူထု လူမျိုးစုတို့၏ ရင်ခုန်သံလည်း ဖြစ်၏။

ကျနော်တို့သည် ကျနော်တို့ခေတ် လူထုရင်ခုန်သံကို ခေတ်ပေါ်ကဗျာများထဲက တဆင့်လည်း ကြားနိုင်ခွင့် ရှိလေသည်။  ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013