DVB Logo
Home
မြန်မာသတင်း
အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်မပြု၊ အာဆီယံမူကို အမေရိကန် ဆက်ထောက်ခံမည်
DVB
·
May 11, 2022
အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်မပြု၊ အာဆီယံမူကို အမေရိကန် ဆက်ထောက်ခံမည်
Donate to DVB

အကြမ်းဖက်မြန်မာစစ်ကောင်စီ အာဏာရှင်အဖွဲ့ကို ဖိအားပေးတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုကို ဆက်လက် အားပေးထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အာဆီယံရဲ့ ထိပ်တန်းအဆင့်အစည်းအဝေးတွေမှာ  မြန်မာစစ်ခေါင်းဆောင်ကို ပါဝင်တက်ရောက်ခွင့်မပေးဘဲ  နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားဖို့ ဆုံးဖြတ်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံတယ်လို့လည်း ဆိုပါတယ်။

ဝါရှင်တန်ဒီစီမှာ မကြာမီကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အဆိုပါ လမ်းစဉ်ကို ဆက်လက်ကျင့်သုံးမှာဖြစ်ပြီး စစ်အာဏာရှင်အဖွဲ့ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ နှိပ်ကွပ်မှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေတာကြောင့် အဆိုပါမူကို ဆက်လက်ကျင့်သုံးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အခုလထဲ ဝါရှင်တန်ဒီစီမှာ ကျင်းပသွားမယ့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးကြမယ့် ခေါင်းစဉ်တွေထဲမှာ ဒီအကြောင်းအရာဟာလည်း တခုဖြစ်လိမ့်မယ်လို့ အသေအချာ မျှော်လင့်ကြောင်းနဲ့ မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး အကူအညီပေးဖို့နဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် တရားမျှတပြီး ထိရောက်တဲ့ ဖြေရှင်းမှုကို ရှာဖွေရာမှာ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန် အရာရှိက ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ HRW အမေရိကန်အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်း၊ တည့်တည့်မတ်မတ်နဲ့ လူသိရှင်ကြားပြောဆိုသင့်ကြောင်း၊ လက်ရှိနှစ်ကာလတွေအတွင်း အာဆီယံနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းဆန့်ကျင်သူတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း ပြောထားပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်းက အာဏာသုံး အုပ်ချုပ်ရေး ကြီးထွားလာနေတာဟာ လူ့အခွင့်အရေးကာကွယ်မှုတွေအပေါ် တရုတ်အစိုးရရဲ့ နှောင့်ယှက်ဟန့်တားမှုတွေ ပိုမိုကြီးထွားလာနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းဝေးတက်ရောက်ဖို့ အာဆီယံခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို သွားရောက်နေကြပြီး ဒီအစည်းအဝေးပွဲကျင်းပချိန်  အာဆီယံ ဒေသတွင်းက အာဏာရှင်ခေါင်းဆောင်တွေကို ဝါရှင်တန်ဒီစီမြို့မှာ ဆန့်ကျင်ဆန္ဒပြကြဖို့လည်း တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ အထောက်အထားတွေရှိတဲ့ ကုမ္ပဏီ ၅၆ ခုကို ယူကေအခြေစိုက် ဘားမားကမ်ပိန်း အဖွဲ့က ထပ်မံ အမည်ပျက်စာရင်းသွင်းလိုက်တဲ့အတွက် အမည်ပျက်စာရင်းသွင်းခံထားတဲ့ နိုင်ငံတကာကုမ္ပဏီပေါင်း ၁၇၂ ခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013