DVB Logo
Home
မြန်မာသတင်း
၃ ရက်ဆက် ကလေးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးနှင့် PDF ရဲဘော် ၂ ဦး ကျဆုံး
DVB
·
May 10, 2022
၃ ရက်ဆက် ကလေးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးနှင့် PDF ရဲဘော် ၂ ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များနေတယ်လို့ သိရပါတယ်။

မေ ၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်၊ ပျူစောထီး အင်အား ၂၀၀ ကျော်လောက်ဟာ ကလေးမြို့နယ် ရေရှင်ရွာကို ဦးတည်ပြီး အင်းကျွန်းရွာနဲ့ ကြံသာရွာဘက်ကနေ စစ်ကြောင်း ၃ ကြောင်း ထိုးစစ်ဆင်လာတာကို PDF (Kalay) ၊ CDF (KKG) နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဟာ ည ၁၀ နာရီကျော်အထိ ပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးလောက် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေရှင်ရွာအနီးမှာ မေ ၉ ရက် မနက် ၈ နာရီလောက်ကစပြီး ညနေ ၄ နာရီ ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

မေ ၉ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးနဲ့ ကလေး PDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး သွားတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။

မေ ၁၀ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူတွေ အလုံးအရင်း အသုံးပြုပြီး တိုက်ခိုက်လာတာကြောင့် ပူးပေါင်းတပ်တွေ ရေရှင်ရွာကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ ကလေး PDF  တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့လည်း အတတ်နိုင်ဆုံး ခုခံကာကွယ်ခဲ့ပေမဲ့ လက်နက်ကြီးတွေ နဲ့ တရစပ် ပစ်ခတ်နေတယ်။ ပြန်လည်ခုခံဖို့ လက်နက်ခဲယမ်းကမလုံလောက်လို့ နောက်ဆုတ်ခဲ့ရတာ၊ သူတို့က ရွာထဲကို ဝင်နိုင်သွားပြီ။ ရေရှင်ရွာက ဒေသခံနေအိမ်တွေ မီးရှို့နေကြပြီ။ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်စေချင်တယ်။ အခုလို လက်နက်ခဲယမ်းမလုံလောက်လို့ နောက်ဆုတ်ရတဲ့ အဖြစ်မျိုးမဖြစ်ရအောင် အားစိုက်ပါဝင်ပေးကြပါ။”

၃ ရက်တာ ရေရှင်ရွာခုခံမှုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။

စစ်ကောင်တပ်တွေ အင်းကျွန်းကျေးရွာမှာ တပ်စွဲနေထိုင်စဉ်ကတည်းက ရေရှင်ကျေးရွာ ဒေသခံတွေ  ရှားတောကျေးရွာ စာသင်ကျောင်းမှာ စစ်ဘေးရှောင်နေကြရပြီး အချိန်ကာလကြာမြင့်နေပြီဖြစ်တာကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013