DVB Logo
Home
မြန်မာသတင်း
မြန်မာ MOU လုပ်သား ၃၀၀ ခန့် ထိုင်းနိုင်ငံသို့ ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်သွားခွင့်ရ
DVB
·
May 10, 2022
မြန်မာ MOU လုပ်သား ၃၀၀ ခန့် ထိုင်းနိုင်ငံသို့ ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်သွားခွင့်ရ
1 / 6
Donate to DVB

ကိုဗစ်-၁၉ အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်ကို  မြန်မာအလုပ်သမားတွေ ၂ နှစ်ကျော်လောက် တရားဝင်သွားရောက် အလုပ်လုပ်ခွင့်မရခဲ့ရာကနေ မေလ ၁၀ ရက် ဒီနေ့မနက်မှာတော့    မြန်မာ MOU လုပ်သား ၂၈၈ ယောက် ထိုင်းကို ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခွင့်ရရှိခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေကို လာကြိုမယ့်ကားကြီးတွေဟာ ဒီမတိုင်ခင်ကတည်းက မြဝတီတဘက်ကမ်း  မဲဆောက်ဘက်မှာ ကြိုတင်ရောက်နှင့်နေပြီး ဒီမနက် ၁၀ နာရီကျော်လောက်မှာ တာ့ခ်ခရိုင် မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကနေ အလုပ်သမားပေါင်း ၂၈၈ ဦး ပထမအသုတ်အနေနဲ့ ဝင်လာကြပြီလို့ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့နိုင်ငံက အမ်အိုယူအလုပ်သမားတွေကို ထိုင်းက ဒီနေ့ကစပြီး ပြန်လက်ခံလိုက်ပါပြီ၊ မြဝတီ-မဲဆောက်လမ်းကြောင်းကနေ ၂၈၈ ယောက် သုံးရာနီးပါး ဝင်လာကြပြီ။ သူတို့ကို လာကြိုမယ့်ကားတွေ express ကားကြီးတွေ အစီး ၂၀ လောက် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မဲဆောက်ကို ကြိုရောက်နေကြပါတယ်။ ဒီနေ့တော့ ထိုင်း လ.ဝ.က ရော၊ ကျန်းမာရေးဌာနနဲ့ အလုပ်သမားရှာဖွေရေးရုံးက တာဝန်ရှိသူတွေ၊ မြန်မာအလုပ်သမားသံအရာရှိတွေ ရောက်လာပြီး လိုအပ်တာတွေ စစ်ဆေးနေပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးတဲ့ ထောက်ခံစာ၊ ATK စစ်၊ ကိုဗစ်မရှိရင် ကွာရန်တင်းဝင်စရာမလိုဘူး၊ စက်ရုံ အလုပ်ရုံကို တန်းခေါ်သွားမယ်။ ဒီနေ့ဝင်လာတဲ့ ၂၈၈ ယောက်လုံးက  ချွန်းပူးရီးခရိုင်မှာရှိတဲ့ Panuspoultry Group Co., Ltd ကြက်သား စက်ရုံ တနေရာတည်းကို သွားကြမယ်လို့ သိရတယ်။” 

ဒီကနေ့ ဝင်လာသူတွေထဲမှာ အရင် ထိုင်းမှာ အလုပ်လာလုပ်ဖူးတဲ့ လူဟောင်းတွေရော လူသစ်တွေလည်း ပါကြောင်း၊ နောက်ထပ် ထိုင်းကို ဝင်လာဖို့စောင့်ဆိုင်းနေတဲ့  MOU အလုပ်သမားတွေလည်း သောင်းဂဏန်းထိ ရှိသေးတယ်လို့ ဆိုပါတယ်။ 

ကုန်ကျစရိတ်မှာတော့ မိမိ ဆက်သွယ်လုပ်ဆောင်တဲ့အေးဂျင့် ဝန်ဆောင်မှုလုပ်ငန်းတွေပေါ်မူတည် ပြီး အနည်းနဲ့ အများ ကွာခြားမှုရှိကြောင်း၊ အမှန်တကယ် အစိုးရကို သွင်းရမယ့်ငွေကတော့ ကျပ် ၄ သိန်းနဲ့ ၅ သိန်းကြားမှာပဲ ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ 

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာရင် ရဲအဖမ်းခံရတာ၊ မတော်တဆ ယာဉ်တိုက်မှု ကြုံရတာ၊ အပစ်ခံရတာတွေ၊ ဒဏ်ပေးခံရတာတွေရှိပြီး အန္တရာယ်များလွန်းတာကြောင့် နှစ်နိုင်ငံ အစိုးရက ခုလို အခွင့်အလမ်းပြန်ဖွင့်ပေးလိုက်တဲ့အပေါ်  ဝမ်းသာအားရကြိုဆိုကြောင်း၊ နောက်ထပ် ဝင်လာဖို့ပြင်နေတဲ့ အလုပ်သမားတွေအားလုံး ဖြစ်နိုင်ရင် ခိုးဝင်တာကို ရှောင်ကြဉ်ပြီး  MOU စနစ်နဲ့သာ ဝင်လာကြဖို့ ဦးမိုးကြိုးက တိုက်တွန်းပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် အိမ်နီးချင်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက MOU  နှစ်နိုင်ငံသဘောတူစနစ်နဲ့ ဝင်ရောက်လာမယ့် ရွှေ့ပြောင်းအလုပ်သမား တွေကို ၂ နှစ်ကျော် ဆိုင်းငံ့ထားခဲ့တာပါ။ 

ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်မှုဖြည့်တင်းတဲ့အနေနဲ့ရော ၊ ကိုဗစ်-၁၉ ကာကွယ်နည်းတွေပါ တိုးတက်လာတဲ့အတွက် ပြီးခဲ့တဲ့လပိုင်းက လာအိုနဲ့ ကမ္ဘောဒီးယား MOU လုပ်သားတွေကို ပြန်လက်ခံပြီး ဒီကနေ့မှာတော့ မြန်မာနိုင်ငံက အလုပ်သမားတွေလည်း ဝင်လာနိုင်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် စီးပွားရေးကျပ်တည်း အလုပ်အကိုင် ရှားပါးနေတာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ဝင်ရောက် နေကြရာမှာ နေ့စဉ် ဖမ်းဆီးခံရ၊ မတော်တဆမှုတွေကြောင့် သေဆုံး ဒဏ်ရာရတာတွေနဲ့ ကြုံတွေ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်(အက်ဖ်တီအိုင်) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ အရေးပေါ် ရွှေ့ပြောင်းအလုပ်သမား ၈ သိန်းလိုအပ်ချက်ရှိနေပြီး လုပ်သားအင်အားရှားပါးမှုကြောင့် ရုန်းကန်နေကြရတဲ့ စက်မှုလက်မှုနဲ့ ထုတ်လုပ်ရေးလုပ် ငန်းခွင်အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လိုအပ်နေတာ ဖြစ်ပါတယ်။

ကုမ္ပဏီ အများစုကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားလုပ်သားတွေကို ခေါ်ယူနိုင်ဖို့ အစိုးရဆီမှာ မှတ်ပုံတင်ထားကြတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစော ပိုင်းကတည်းက အလုပ်သမားခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာလက်မှတ်ရေးထိုးထားတာလို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဆူချာ့ထ် ချွန်ကလင်က ပြောပါတယ်။

လတ်တလောမှာတော့ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍ ၄၅ ခုက လုပ်ငန်းရှင်တွေအနေနဲ့ လုပ်သားအင်အားပိုပြီးတော့ လိုအပ်နေတာလို့ အက်ဖ်တီအိုင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှု ကြောင့် လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းခဲ့ရသလို ရွှေ့ပြောင်းလုပ်သားတွေအများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်နိုင်ငံတွေဆီ ပြန်ကုန်ကြတဲ့အတွက် လက်ရှိမှာ နိုင်ငံတွင်း လုပ်သားအင်အားပြတ်လပ်မှုတွေ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့အကြားမှာ MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကစပြီး တရားဝင်စေလွှတ်ပေးခဲ့တာ ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၂၀ မတ်လ ၁၈ ရက်နေ့အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်း ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားမှာ တရားဝင်အလုပ်သမားစေလွှတ်မှုမရှိတော့တာ ဒီနေ့အချိန်အထိ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013