
တရုတ်နိုင်ငံဆီကနေ လွတ်လပ်ရေးကြေညာတာမျိုး မလုပ်ဖို့ ထိုင်ဝမ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။
ဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးပြီး နာရီပိုင်းအကြာမှာ ထရမ့်ပ်က သတိပေးခဲ့ တာပါ။
“တယောက်ယောက်က လွတ်လပ်ရေးကြေညာတာမျိုး ကျနော် မလိုလားပါဘူး” လို့ ထရမ့်ပ်က Fox News နဲ့ သောကြာနေ့ အင်တာဗျူးမှာ ပြောပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ကလည်း ထိုင်ဝမ်နိုင်ငံဟာ ကိုယ်ပိုင်အချုပ်အချာအာဏာပေါ်မှာ ရပ်တည်နေတဲ့ နိုင်ငံဖြစ်လို့ တရားဝင်လွတ်လပ်ရေးကြေညာတာမျိုး လုပ်စရာမလိုဘူးလို့ အစောပိုင်းက ပြောထားပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်ကို ကာလရှည်ထောက်ပံ့မှုတွေ လုပ်ခဲ့သလို တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေး ပြေလည်အောင် ထိန်းသိမ်းထားပါတယ်။
ထိုင်ဝမ်ကို တရုတ်နိုင်ငံက သူတိုပိုင်တဲ့ ပိုင်နက်အဖြစ် ကြေညာထားပြီး အင်အားသုံးပြီး သိမ်းယူဖို့ လည်း ရှိနေပါတယ်။
ထရမ့်ပ်ကတော့ ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်ပြီး ကာကွယ်ပေးဖို့ အာမခံထားတာမျိုး မရှိဘူးလို့တော့ အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။
Fox News နဲ့ အင်တာဗျူးမှာ ထရမ့်ပ်က အမေရိကန်ရဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ထပ်မံ ပြောပါတယ်။
ထရမ့်ပ်က “မိုင်ပေါင်း ၉,၅၀၀ လောက်ကို ခရီးသွားပြီး စစ်တိုက်ရမှာပါ။ ဒါမျိုးတော့ ကျနော်လုပ်မှာ မဟုတ်ပါဘူး။ သူတို့ ပြေလည်နေဖို့ ကျနော်ဆန္ဒရှိပါတယ်။ တရုတ်ကိုလည်း တင်းမာမှုတွေ လျော့စေချင်ပါတယ်”လို့ ပြောပါတယ်။
သမ္မတရှီဟာ ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ အများကြီးပြုလုပ်ခဲ့တယ်လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောခဲ့ပေမဲ့ ထိုင်ဝမ်အရေးမှာ အမေရိကန်က ကာကွယ်ပေးမှာလားဆိုတာ ကိုတော့ ဆွေးနွေးဖို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။
ရှီကတော့ ထိုင်ဝမ်အရေးက တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် အရေးအကြီးဆုံးမေးခွန်း ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ သတိပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ထိုင်ဝမ်အရေးမှာ ကိုင်တွယ်ပုံမှားရင် အမေရိကန်-တရုတ် ၂ နိုင်ငံစလုံး ပွတ်တိုက်မှု ဒါမှမဟုတ် ပဋိပက္ခတွေ ဖြစ်နိုင်တယ်လို့ တရုတ်မီဒီယာက ဖော်ပြပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်တို့ ပြဿနာဖြစ်နိုင်လားခန့်မှန်းပေးပါဦးဆိုတဲ့ မေးမြန်းမှုကို ထရမ့်ပ်က “မဖြစ်ပါဘူး။ ဖြစ်မယ်လို့မထင်ဘူး။ ကျနော်တို့ ဆက်ဆံရေး ကောင်းပါတယ်။ ရှီကလည်း စစ်ပွဲတွေ မမြင်ချင်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။
Source:Reuters










