DVB Logo
Home
မြန်မာသတင်း
ကုန်ဈေးနှုန်းနှင့်အခွန်မြင့်တက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ကုန်ပို့သည့် မြန်မာကုန်သည်များ အရှုံးပေါ်
DVB
·
May 9, 2022
ကုန်ဈေးနှုန်းနှင့်အခွန်မြင့်တက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ကုန်ပို့သည့် မြန်မာကုန်သည်များ အရှုံးပေါ်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေနယ်စပ်ကုန်သွယ်ရေးနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးတွေမှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်စည်တွေ တင်ပို့နေကြတဲ့ ကုန်သည်တွေအတွက် ကုန်စျေးနှုန်း မြင့်တက်လာသလို ပေးဆောင်ရတဲ့ အခွန်ပါ မြင့်မားလာတာကြောင့် ကုန်တင်ပို့ရာမှာ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“ကုန်စည်စျေးနှန်းမြင့်လာတော့ ဆောင်ရတဲ့အခွန်ပါ မြင့်လာတယ်။ မောင်တောကနေ ဘင်္ဂလားကို ကုန်တင်ပို့တာ ကုမ္ပဏီ ၅ ခုလောက်ရှိတာ။  အခုဆို ကုမ္ပဏီ ၃ ခုပဲ အလုပ်လုပ်နိုင်ကြတော့တယ်။ ဘာအတွက်လဲဆိုတော့ အရှုံးများလာတော့ အလုပ်ရပ်နားထားကြတာ” လို့ မောင်တောနယ်စပ်မှ ဘင်္ဂလားဘက်ကို ကုန်သွယ်နေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

မြန်မာဘက်ကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်စည်တင်ပို့ရာမှာ အစိုးရကို ပို့ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်း  အခွန်ပေးဆောင်ကြရတာပါ။

အခုအခါကုန်စည်တွေ အဆမတန်စျေး မြင့်တာလာတဲ့အပြင် ပို့ကုန်တန်ဖိုး မြင့်မားလာတဲ့အတွက် ပေးဆောင်ရတဲ့ ငွေပမာဏ များလာပြီး အမြတ်မရှိဘဲ အရှုံးနဲ့ ရင်ဆိုင်နေကြရတာလို့ ဆိုပါတယ်။

စစ်တွေမြို့မှ ကုန်သည်ကြီးတဦးက “ဘင်္ဂလားဘက်မှာ စျေးတင်ရောင်းလို့ မရဘူး။ အစိုးရက ကန့်သတ်ထားတယ်။ မြန်မာဘက်မှာက ကုန်စျေးနှန်က တနေ့ထက်တနေ့ မြင့်လာတယ်။ သယ်ယူပို့ဆောင်စရိတ်များလာတယ်။ အခွန်ကျတောလည်း ၂ ရာခိုင်နှုန်းထက်လျှော့မပေးဘူး။ အမှန်ဆို အစိုးရက အခွန်ကို လျှော့ပေးသင့်တယ်” လို့ ပြောပါတယ်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အဓိကတင်ပို့ကုန်တွေကတော့ ရေချိုငါး၊ ငါးမြစ်ချင်း၊ ဒေသထွက် ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံကလေးခြောက်၊ ငမုတ်မဲ၊ ကြက်သွန်နီ၊ အုန်းသီး၊ ကွမ်းသီး၊ ဂျင်းအစို၊ ဇီးသီးခြောက်၊ ဇီးဖတ်၊ မကျည်းစေ့၊ ထန်းညက်၊ ဒညင်းသီး၊ ကုလားပဲ၊ သရက်သီး၊ စစ်တုံဥ၊ တံမြက်စည်း၊ ငရုတ်သီးခြောက်၊ ဇီးယိုထုတ်တွေနဲ့ ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ နယ်စပ်ကုန်သွယ်ရေးစာရင်းတွေအရ သိရပါတယ်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ဧပြီ ၁ လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၆၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၀ ဒသမ ၉၉ သန်းနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ကုန်သွယ်ရေးဇုန်ဆိပ်ကမ်း) မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ သန်းကုန်သွယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ကိန်းဂဏန်းတွေအရ သိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013