DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ပညာဒါနကျောင်းများ ရေရှည်ရပ်တည်နိုင်ရန် ရန်ပုံငွေလိုအပ်
DVB
·
March 15, 2014
အန်အယ်လ်ဒီ ပညာဒါနကျောင်းများ ရေရှည်ရပ်တည်နိုင်ရန် ရန်ပုံငွေလိုအပ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပညာရေးကွန်ရက်ရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်းတွေ ရေရှည်ဆက်လက်ဖွင့်လှစ်နိုင်ဖို့နဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေလို အပ်နေတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပညာရေးကွန်ရက်အနေနဲ့ နိုင်ငံတ၀န်း ပညာဒါနစာသင်ကျောင်းပေါင်း ၁၅၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းသား ၁ သောင်းခွဲကျော်ကို အခမဲ့ပညာသင်ကြားပေးနေတာပါ။

NLD Educationအခုတော့ စာသင်ကျောင်းတွေ အရေအတွက် ပိုမိုတိုးချဲ့ဖွင့်လှစ်နေသလို ကျောင်းသားဦးရေလည်း များလာတာကြောင့် ရန်ပုံငွေတွေလိုအပ်နေတာလို့ အန်အယ်လ်ဒီ ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးကျော်ထွေးက ပြောပါတယ်။

“လက်ရှိပညာရေးစနစ်ရဲ့ လိုအပ်ချက်အရ၊ သက်ဆိုင်ရာဒေသရဲ့ လိုအပ်ချက်အရ ပညာဒါန ကျောင်းတွေကို သက်ဆိုင်ရာ ရပ်မိရပ်ဖတွေ ကျောင်းကော်မတီတွေက ဦးစီးပြီးတော့ သက်ဆိုင်ရာဒေသတွင်းမှာ ရှိတဲ့ ၀င်ငွေနည်းမိသားစုရဲ့ ကလေးငယ်တွေရဲ့ ပညာရေးကို ဖြည့်စွက်ပေးတဲ့အနေနဲ့ တည်ထောင်ထားကြပါတယ်။ လိုအပ်ချက်အရ တည်ထောင်ကြတယ် ဆိုပေမယ့် တကယ်တန်း ကျောင်းတွေဖွင့်လိုက်တဲ့အခါကြတော့ မမျှော်မှန်းလောက်အောင် ကျောင်းသားဦးရေ များလာပါတယ်။ ကျောင်းကို မှီခိုတဲ့ ကလေးတွေ များလာပါတယ်။ အဲဒီတော့ အဲဒီကျောင်းတွေကို ထောက်ပံ့ပေးဖို့ လိုအပ်ချက်ကလည်း များလာပါတယ်။”

ပညာရေးကွန်ရက်အနေနဲ့ ၃ နှစ်တာကာလတွင်းအတွင်း ရန်ကုန်မှာ ပညာဒါနကျောင်း ၈၉ ကျောင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ၆၅ ကျောင်း ဖွင့်လှစ်ထားပြီး ရန်ကုန်မှာ ကျောင်းသား ၁ သောင်းကျော်နဲ့ ပြည်နယ်တွေမှာ ကျောင်းသား ၅ ထောင်ကျော်ကို ပညာသင်ပေးနေတာပါ။

ယခုနှစ်မှာတော့ ရန်ပုံငွေအပြင် ကျောင်းဆရာ/ဆရာမ လိုအပ်ချက်တွေလည်း ရှိလာနေတယ်လို့ ပညာရေးကွန်ရက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက အခြေခံပညာ မူလတန်းတွေကို မသင်မနေရအခမဲ့ ပညာရေးစနစ် ကျင့်သုံးဆောင်ရွက်နေပေမယ့် မိသားစု စားဝတ်နေရေးအဆင်မပြေတာကြောင့် ကလေးငယ်အများအပြားဟာ ပညာမသင်နိုင်ပဲ ရှိနေကြတာပါ။

အန်အယ်လ်ဒီ ပညာရေးရာကော်မတီက ဦးဟံသာမြင့်ကတော့ အစိုးရပညာရေး စနစ်ရဲ့ လိုအပ်ချက်ကို ပညာဒါနကျောင်းတွေအနေနဲ့ ဖြည့်ဆည်းပေးနေတာဖြစ်ကြောင်းနဲ့ ကျောင်းနေ အရွယ်ကလေးတွေအားလုံး ကျောင်းတက်နိုင်ပြီး ပညာဒါနကျောင်းတွေ မလိုအပ်တော့ တဲ့အချိန်ထိ ဖွင့်သွားမယ်လို့ ပြောပါတယ်။

“ရေရှည်ဆိုတာက ဘယ်အချိန်အထိ ဖြစ်မလဲဆိုတော့ ပညာရေး ရည်မှန်းချက်တွေပေါ့နော် စာသင်တဲ့အရွယ်ရှိတဲ့ ကလေးတွေ အားလုံး ကျောင်းတွေ နေနိုင်ဖို့ နောက် နေတဲ့ ကျောင်းကလည်း စာတကယ်သင်နိုင်ဖို့ အဲဒါမျိုးတွေ တကယ်လုပ်နိုင်ပြီဆိုရင် အန်ကယ်တို့ ကျောင်းတွေ မလိုဘူး။ အန်ကယ်တို့ ပေးနေတဲ့ ကလေးတွေက ဘာလဲဆိုရင် ရန်ကုန်မှာဆိုတော့ အဓိက အားဖြင့် ကျူရှင်မနေနိုင်တဲ့ ကလေးတွေ အစိုးရကျောင်းတွေ အကုန်လုံးမှာ ကလေးတိုင်းက ကျူရှင်ယူရတယ်။ ယူရတယ်ဆိုတော့ တချို့ကကျောင်းမှာ သင်တဲ့စာ မလိုက် နိုင်လို့ ကျူရှင် ယူရတယ်။ ကျူရှင်လည်း မယူနိုင်ဘူး၊ ကျောင်းစာလည်း မလိုက်နိုင်တဲ့ ကလေးတွေ အတွက် ဖွင့်ထားတာ။ အဲဒီတော့ သူတို့အနေနဲ့က တကယ်အရေးကြီးတာပေါ့။”

အန်အယ်လ်ဒီ ပညာရေးကွန်ရက် ရန်ပုံငွေရှာပွဲကိုတော့ လာမယ့် ဧပြီလ ၄ ရက်နဲ့ ၅ ရက်မှာ ရန်ကုန်မြို့ MCC ခန်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးထားတဲ့ တီရှပ်တွေ မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013