DVB Logo
Home
မြန်မာသတင်း
လက်နက်နှင့်စစ်ရေးကိစ္စဆွေးနွေးရေး NUG ဝန်ကြီး ဦးရည်မွန် အကြောင်းမပြန်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် ထုတ်ပြန်
DVB
·
May 9, 2022
လက်နက်နှင့်စစ်ရေးကိစ္စဆွေးနွေးရေး NUG ဝန်ကြီး ဦးရည်မွန် အကြောင်းမပြန်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် ထုတ်ပြန်
Donate to DVB

ဗိုလ်နဂါး ဦးဆောင်တဲ့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေး အင်အားစုတွေက လက်နက်တပ်ဆင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဦးရည်မွန်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားတာ မရှိကြောင်းနဲ့ စစ်ကိုင်းက မြေပြင်ခေါင်းဆောင်တွေက စစ်ရေးကိစ္စ တိုင်ပင်ဆွေးနွေးဖို့ ဆက်သွယ်တာတွေကိုလည်း အကြောင်းမပြန်ကြားဘူးလို့ မြန်မာ့တော်ဝင်နဂါးတပ်တော်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်က ဝန်ကြီး ဦးရည်မွန်နဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ စာရင်းသွင်းတပ်ရင်းတွေ အားလုံးကို လက်နက်တပ်ဆင်ပေးဖို့ မဖြစ်နိုင်ပေမဲ့ တပ်ရင်း တရင်းစာအတွက် တလအတွင်း တပ်ဆင်ပေးမယ်လို့ ကတိပေးထားတာမို့ အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

မေ ၈ ရက် ရက်စွဲနဲ့ တောင်းဆိုချက်ထဲမှာတော့ နိုင်ငံနဲ့ ပြည်သူလူထုဘဝကို အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မလွှမ်းမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရေးအတွက် NUG အစိုးရမဖွဲ့မီ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီနှောင်းပိုင်းကစတင်ကာ ရရာလက်နက်ဆွဲကိုင်ကာ ဒီကနေ့ထိတိုင် တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ အသက်နဲ့ ခန္ဓာကိုယ် ခြေ၊ လက်အင်္ဂါတွေ ဆုံးရှုံးလိုက်ရသည်အထိ ကြိုးစားပြီး တိုက်ပွဲဝင်တော်လှန်နေခဲ့တာကို ပြည်တွင်းပြည်ပက မြန်မာတိုင်းရင်းသားပြည်သူအားလုံး သိရှိကြပြီးဖြစ်ကြောင်းနဲ့ NUG အစိုးရဖွဲ့စည်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနမှာလည်း တပ်ရင်းတပ်ဖွဲ့တွေ စနစ်တကျပေးသွင်းကာ အသိအမှတ်ပြု ပူးပေါင်းပါဝင်ခဲ့ပြီးလည်း ဖြစ်တယ်လို့ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းဒေသတွင်း ဦးတည်ချေမှုန်းနိုင်ရေး ထိုးစစ်ပြင်ဆင်စတင်နေတဲ့ အနေအထားတခုကို ရင်ဆိုင်နေရချိန်လည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုတွေက NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဆီ စာတင်မေးမြန်းခဲ့ပေမယ့် ဘာစာမှ မပြန်လာတဲ့အတွက် ကျန်ပြည်သူ့ကာကွယ်ရေးအင်အားစု ရဲဘော်တွေကိုယ်စား ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ဆိုရှယ်မီဒီယာမှတဆင့် မေ ၉ ရက် ဒီနေ့မှာ ထပ်မံပြီးတော့ မေတ္တာရပ်ခံ တိုက်တွန်းစာ ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီး ဘက်ကတော့ ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ် ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေအတွက် စက်ရုံထုတ်လက်နက် အနည်းဆုံး လိုအပ်ချက်ကို ရှာဖွေရရှိထားပြီဖြစ်ကာ ဝန်ကြီးဌာန အနေနဲ့ ဒီနေ့အထိ အမေရိကန်ဒေါ်လာ ၃၄ သန်းတိတိ ရရှိသုံးစွဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန သုံးစွဲခွင့်ရတဲ့ ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်နိုင်ရေးအတွက် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013