DVB Logo
Home
Lead Story
မူလပိုင်ရှင်တွေ မြေပြန်ရတာ မဆိုစလောက်ပဲရှိသေး (သုံးသပ်ချက်)
DVB
·
March 14, 2014
မူလပိုင်ရှင်တွေ မြေပြန်ရတာ မဆိုစလောက်ပဲရှိသေး (သုံးသပ်ချက်)
Donate to DVB

အစိုးရဌာနဆိုင်ရာတွေ စစ်တပ်နဲ့ ကုမ္ပဏီတွေက သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့ မြေယာခန့်ခွဲရေးကော်မတီရုံးတွေ ဖွင့်ပြီး လုပ်ဆောင်ပေးနေပြီဆိုပေမယ့် ခုချိန်ထိတော့ မူလပိုင်ရှင်တွေ လက်ထဲ ပြန်ရောက်တယ်လို့ သိပ်မကြားရပါဘူး။

မြန်မာပြည်အလယ်ပိုင်းမှာ တည်ရှိတဲ့ မြင်းခြံ၊ ပုသိမ်ကြီး၊ မိထ္တီလာ၊ ငဇွန် စတဲ့ မြို့တွေဘက် မေးစမ်းကြည့်ရသလောက်လည်း လယ်မြေ အနည်းအကျဉ်းပြန်ရတယ်ဆိုတာနဲ့ လုံးဝ ပြန်မရသေးကြောင်းတွေပဲ ကြားရပါတယ်။

farmer1မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာက လယ်သမား ဦးထွန်းကြည်က သူတို့ နယ်တ၀ိုက် ပြန်ရတဲ့လယ်နဲ့ ပြန်မရသေးတဲ့ လယ်မြေတွေအကြောင်း အခုလိုပြောပါတယ်။

“ဘိလပ်မြေ တန် ၂၅၀၀ ကျဆိုပြီး လပခ က သိမ်းထားတယ်။ အဲဒါကိုမှ စီမံကိန်းမလုပ်ဖြစ်ဘူး။ တလလောက်ပဲရှိဦးမယ် ၈၂ ဧက ပြန်ရပြီ။ အခု ပုသိမ်ကြီးမြို့နယ်မှာ အဲဒီ ၈၂ ကပဲ ပြန်ရသေးတယ်။ ရွှေစာရံဂေါက်ကွင်းတို့ ခလရ ၇၆ သိမ်းတာတွေ မရသေးဘူး။”

ရွှေစာရံဂေါက်ကွင်းအတွက် သိမ်းထားတဲ့ လယ်မြေဧကပေါင်းက ၂၅၀ လောက်ရှိတယ်လို့ ပြောပါတယ်။

မြင်းခြံဘက်မှာတော့ လယ်ယာမြေစီမံခန့်ခွဲရေးရုံးတွေ မဖွင့်ရသေးသလို အသိမ်းခံထားရတဲ့ လယ်ဧကထောင်သောင်းချီပြီး ပြန်မရသေးပါဘူး။

မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာက လယ်သမား ဦးကိုကိုက “ကျနော်တို့ မြင်းခြံမြို့နယ်မှာ ကော်မတီ ရုံးခန်းရယ်လို့ မဖွင့်ရသေးဘူး။ ကျနော်တို့ ဆီမီးခုံရွာမှာ စိုက်ပျိုးရုံးအတွက် သိမ်းထားတဲ့ မြေမျိုးတို့၊ နောက် ၀ါဒိုင်အဖြစ်နဲ့ သိမ်းထားတဲ့ မြေမျိုးတို့ အဲဒီလို တခါသိမ်းရင် ၃၊ ၄ ဧက သိမ်းတဲ့ဟာမျိုးပေါ့ဗျာ အဲဒီလိုမျိုးလေးတွေက ပြန်လိုက်ပေးထားလို့ ရတယ်။ ကျနော် ၂၀၁၃ ခုနှစ် ၁၀ လပိုင်းက ပြန်ရခဲ့တာပဲခင်ဗျ။ ဧကနဲ့တွက်ရင် ၀ါဌာနက ၂ ဧကလောက်ရှိမယ်၊ နောက်တခါ စိုက်ပျိုးရေးရုံးက ၄ ဧက၊ လေယာဉ်ကွင်းအဖြစ် သိမ်းထားတဲ့ မြေကောဆိုရင် အကုန်လုံး ၉ ဧကလောက်ရှိတယ်။ ပြန်မရသေးတာက ကာကွယ်ရေးစက်မှုဇုန်အဖြစ် မိထ္တီလာက ဂျီအီးတပ်က သိမ်းထားတဲ့ ဧက ၂ သောင်းနီးပါးလောက်ကို ၂၀၁၀ က သိမ်းထားတာ ဖြစ်တယ်။”

မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဝေက မန္တလေးတိုင်းထဲ လယ်မြေပြန်ပေးဖို့ လုပ်နေတာ မတွေ့ရသေးဘူးလို့ အခုလို ပြောပါတယ်။
“ကျနော်တို့ ပတ်ဝန်းကျင်မှာက မကြားရဘူးခင်ဗျ။ ရန်ကုန်တိုင်းဒေသကြီးတို့၊ မကွေးတိုင်း ဒေသကြီးတို့၊ ဧရာဝတီတိုင်းဒေသကြီးတို့ အဲဒါတွေက ကြားရတယ်။ ကျနော်တို့ မန္တလေးတိုင်းမှာတော့ မကြားသေးဘူးခင်ဗျ။”

မကွေးတိုင်းထဲ လယ်မြေသိမ်းအမှုတွေ ကွင်းဆင်းစစ်ဆေးခဲ့တဲ့ လွှတ်တော် လယ်မြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက လယ်မြေပြဿနာတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။

“တနယ်နဲ့ တနယ်တောင် မတူနိုင်ဘူး။ ကျနော့်ဟာက ရသာရတယ်။ ဥပမာ - လွယ်တဲ့ဟာ၊ တယောက်တည်းနဲ့ ပတ်သက်တယ်ဆိုရင် ချက်ချင်းပြန်ရတယ်။ တချို့က အငြင်းပွားနေတယ်။ ရှင်းရှင်းပြောရရင်ဗျာ ဂရမ် မရှိကြဘူး။ မြေခွန်ပြေစာလေးတွေပဲ ရှိတာ။ မြေခွန်ဆိုတာက မည်သူမဆို အစိုးရမြေမှာစိုက်ရင်လည်း မြေခွန်ဖြတ်ပေးတယ်။ သူက သီးနှံအပေါ်မှာ အကောက်ကောက်တာကိုးဗျ။ သီးနှံစိုက်တဲ့အပေါ်မှာ ဘယ်မြေမှာပဲ စိုက်စိုက် သီးနှံစိုက်ရင် အခွန်ကောက်တယ်။ အဲဒါကို အဲဒါရှိတယ်ဆိုပြီး လာပြတယ်။ အဲဒါက သူတို့ ပိုင်ဆိုင်ကြတာ မဟုတ်ဘူး။ အဲဒီမြေနေရာမှာ သူလုပ်ဖူးတယ်ဆိုတာကတော့ ပြောနိုင်တာပေါ့။ အဲဒီတော့ ပိုင်ဆိုင်ကြောင်း ဘယ်သူမှ မလုပ်မိခဲ့ကြဘူး။ အဲဒီနေရာမှာ ပထမ ၃ နှစ်လောက်မှာ လူတယောက် အလုပ်လုပ်ရင် လုပ်မယ်။ ဒုတိယ ၃ နှစ်လောက်မှာ လူတယောက် ပြောင်းသွားရင် ပြောင်းသွားတယ်။ အဲဒီတော့ တကယ်တမ်းတပ်က သိမ်းလိုက်တဲ့အချိန်မှာ ပြန်စွန့်လွှတ်လိုက်ကော ပထမလူနဲ့ ဒုတိယလူနဲ့က နှစ်ယောက်လုံးက သူပိုင်သင့်တယ်၊ ငါပိုင်သင့်တယ် အဲဒါမျိုး ဖြစ်တာတွေ တော်တော်များတယ်။ တချို့ဆိုရင် ၄၊ ၅ ယောက် ဖြစ်နေတယ်။ တချို့ဆိုလို့ရှိရင်လည်း ဒီနေရာလေးက သစ်ပင်လေးကို ဓားနဲ့ ခုတ်ပြီး မှတ်ထားတာ။ လယ်တွေ ယာတွေ မဖော်ရသေးဘူးပေါ့။ အဲဒီအချိန်မှာ ဌာနက တခုခုက သိမ်းလိုက်တယ်။ အခုပြန်ပေးတယ်။ ပြန်ပေးတော့ သူက အရင်တုန်းက ဒီနားမှာ မှတ်ထားတာ ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အခုအချိန်မှာ လက်တွေ့ ၀င်လုပ်နေတဲ့သူက အဲဒါသူက မှတ်ရုံပဲ မှတ်တာ၊ ဒီနေရာမှာ သူအရင်တုန်းက လယ်ဖော်ထားတာ မရှိသေးဘူးဆိုပြီး အဲဒီလိုမျိုး အငြင်းပွားတာတွေ ရှိတယ်။ ဒါတွေက တော်တော်နဲ့ အသောတတ်မယ် မထင်ဘူး။”

မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကတော့ မြေပိုင်ဆိုင်တဲ့ သက်သေခံစာရွက် မပြနိုင်ရင်လည်း ရပ်မိရပ်ဘတွေ ထောက်ခံချက်ပေးရင် ပြန်ပေးဖို့ ပြောထားပါတယ်။ အခုအချိန်ထိတော့ မူလပိုင်ရှင်တွေပြန်ရတာ မဆိုစလောက်ပဲ ရှိသေးပြီး လျော်ကြေးရတယ်ဆိုတာလည်း ပြောပလောက်အောင် မရှိသေးကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013