DVB Logo
Home
Lead Story
အစ်ကို မှားပါပြီကွယ် . . .
DVB
·
May 8, 2022
အစ်ကို မှားပါပြီကွယ် . . .
Donate to DVB

နေ့လယ်ထမင်းစားပြီးတော့ အဘစောမူး သာတို့အိမ်ခြံဝိုင်းဘက်ကို လျှောက်ခဲ့၏။ မန်ကျည်းရိပ်အောက်ကွပ်ပစ်ဘက်မှ  သီချင်းသံများကို ကြားရပါလေ၏။  သီချင်းတွေကား 'နှောင်းခေတ်တေးမွန်' တွေဟု ဆိုရမည်လားမသိ။  နားစွဲခဲ့တာ ငယ်ငယ်ကတည်းက။

ကွပ်ပျစ်ပေါ်မှာ ကာရာအိုကေ သီဆိုနေသူကား အဘစောမူးသာမဟုတ်။ သူ၏ ငယ်ပေါင်းသူငယ်ချင်း အဘရစ်ချတ် ဖြစ်ပါလေ၏။ သီချင်းကား ဖေကြီးတို့ကြိုက် နှစ်သက်ခဲ့သည့်တေးတစ်ပုဒ်ဖြစ်၏။ နန်းတော်ရှေ့ ဆရာတင်၏ သီချင်းကောင်း တစ်ပုဒ်ဖြစ်သည့် ' ရန်ကုန်သူ' ပါ။

အဘရစ်ချတ်ကလည်း အဘစောမူးသာလိုပဲ အဆိုကောင်းဗျ။ နရီစည်းဝါးလည်းပိုင် အသံကလည်း ပီသ ကြည်မြဆိုတော့ နားထောင်ရတာ အလွန်ကို အရသာတွေ့တာပေါ့။ ဖေကြီးလည်း ပေါင်ကို ပုတ်ကာ ပုတ်ကာ ခြေဖျားကို လှုပ်ကာ လှုပ်ကာနဲ့ စည်းချက်လိုက် နေမိတော့တာခင်ဗျ။

အစက ဖြူ ဖြူ

အစကတော့ ဖြူ ဖြူ

ညို သွား ပြီ

အသားလေး ညိုသွားပြီ 

အစ်ကို မှားပါပြီကွယ် 

ခေါ်လာမိလို့ . . .

အင်းယားရေ တစ်စည်လောက်တော့

လိုချင်ပါတယ် ဝယ်ချင်ပါသူ

ရွှေမန်းသူတွေ ရေခေါ်ချိုးမယ်

တစ်မျိုးနော်လှအောင် မိုးပေါ်ကျသူ . . .

အင်းယားရေကိုယူ

အင်းယားက ရေကိုယူ

မီးရထားနဲ့တင်မလို့ကြံတယ်

တန်ဆာခက သုံးရာလောက်တော့

ယူမှာ ဧကံ

ကြံကြံဖန်ဖန် ရန်ကုန်သူရယ်

ဘုရားဖူးသွားတဲ့ ရန်ကုန်သူရယ်

မန္တလေးသွားလို့ အသားမဲပြန်သတဲ့ ဆူ

(ရွှေဘို သနပ်ခါးတုံးများ

ရန်ကုန်လိမ်းဖို့ ယူ

ဘယ်လိုအသားမဲမဲ

ဝါဝါညက်ညက် ဖြူ ) ၂

ပုဇွန်ထောင် ကြည့်မြင်တိုင်သူနဲ့

မန္တလေးမြို့တော်သူ

ပုဇွန်ထောင် ကြည့်မြင်တိုင်သူနဲ့

နန်းတော်ရှေ့ရပ်သူ

အိမ်တော်ရာထီး စောင်းကြရင်ဖြင့်

နေပူခံတော့တောင် ဖြူ 

ကြံကြံဖန်ဖန် ရန်ကုန်သူရယ်

မန္တလာမြင့်တို့ ရန်ကုန်သူရယ်

မန္တလေးသွားလို့ အသားမဲပြန်သတဲ့ တမူ

တောမြိုင်ခြေ လမ်း မြိုင်တန်းဂမူ

ဘဲကြားရိုက်လို့ ဖြူ ဖြူ

အသားထိအောင် နေမခသူ

အင်းယားရေ မချိုးဘဲ

ဆတစ်ပိုး တိုးလို့ ဖြူ

ဆရာတင် နန်းတော်ရှေ့က

အဟုတ်မှန်စွာ ထုတ်ပြန်ရေးသူ

မေပျို ဖြူ ရယ်လေ

ရွှေဘိုသူတို့ ယဉ်တာ ကမ္ဘာမရှိတမူ

ပညာရှိကြရင်ဖြင့် သိကြပါတယ်

အမှန်တွေးယူ . . . အိုး ဟို . . .

ကြံကြံဖန်ဖန် ရန်ကုန်သူ

ဘုရားဖူးသွားတဲ့ ရန်ကုန်သူရယ်

မန္တလေးသွားလို့ အသားမဲပြန်သတဲ့ ဆူ

"ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း" "ကောင်းလိုက်တာ ရစ်ချတ်ရာ "

အဘစောမူးသာက လက်ခုပ်လက်ဝါးတီးကာ အားရပါးရ အားပေးပါသဗျ။ ပြီးတော့ အဘရစ်ချတ်ဆီက မိုက်ကိုတောင်းပါလေ၏။ သူလည်း ' အား ' ပါသွားပုံပါ ခင်ဗျ။

"ငါ . . ဘယ်သီချင်းခွေ ထည့်ပေးရမလဲ၊ ဘယ်သီချင်းဆိုမှာလဲ စောမူးသာ "

"ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . . . . " အဘစောမူးသာရဲ့ အဲသည် " ဟဲဟဲ ဟဲ ဟဲ " ထဲမှာ 'အဓိပ္ပာယ်တစ်ခုခု' ပါတတ်တယ်ဆိုတာ ရွာမှာလအတော်ကြာပြီဖြစ်တဲ့ဖေကြီး သိနေပါတယ် ခင်ဗျ။

"အဲသည် 'ရန်ကုန်သူ' ပဲ ပြန်ကြော့ကွာ" "ဟေ . . နင်က ငါ့လိုမျိုး ဆိုနိုင်လို့လား"

"ဟား ဟား ဟား ဟား ဟား ဟား . . . သံစဉ်တော့တူမယ် . . . စာသားကတော့ တူမှာမဟုတ်ဘူး ရစ်ချတ်ရ "

" အဘစောမူးသာကတော့ ' ထွင် ' ပါ့ "

"ဟဲ ဟဲ ဟဲ ဟဲ . . လိုင်းပေါ်မှာ တွေ့လို့ ငါ စာသားလေးတွေ ကူးထားတာရှိသကွ၊

တေးရေးက 'နန်းတော်ထက် ဆရာမှတ်' ဆိုပဲကွ ဖေကြီးရ"

"သီချင်း ပြန်ဖွင့်ရတော့မှာလား မူးသာ"

“ဖွင့်ကွာ . . . . . . "

အဘစောမူးသာကား သီချင်း၏ခြေဆင်း လာနေချိန်မှာ ရေနွေးကြမ်းခွက်ကို မော့ချလိုက်ပါ၏။ ပြီးတော့ အသက်ကို တဝကြီး ရှူပါ၏။ အပီ ဟစ်တော့မည့်ပုံပါ။ ခြေဆင်းဆုံးတော့ အဆိုကို အရသာရှိ စွာ ဤသို့ဤပုံ ကြားရပါလေ၏ ခင်ဗျာ။

"အစက ကြူ ကြူ 

အစကတော့ ကြူ ကြူ 

ငိုသွားပြီ

အခေါကြီး ငိုသွားပြီ 

အလှိုင် မှားပါပြီကွယ် 

မသမာမိလို့ . . .

အင်းယားမြေ တစ်ပေလောက်တော့

လိုချင်ပါတယ် ဝယ်ချင်ပါသူ

ဒို့တိုင်းဌာနေ ပြည်သူအများကို

အကျိုးမျှော်ရအောင် နှိုးဆော်ပါရစေ

အင်းယားမြေကိုယူ

အင်းယားက မြေကိုယူ

အပြေးအလွှားနဲ့ ဝယ်ဖို့ကြံရွယ်

ကြူ ကြူ လှဟာ ကုန်းစရာမရအောင်

ငိုမှာ ဧကံ

ကြံကြံဖန်ဖန် မြန်ပြည်သူ

PDF တို့ မြန်ပြည်သူရယ်

အပြေးကလေးသွားလို့ 

စခန်းသိမ်းပြန်မတဲ့ သူ

 (ရွှေဘို စစ်ကိုင်းပွဲများ

မြန်ပြည်သိမ်းဖို့ ကူ

ဘယ်လိုအင်အား တိုးတိုး

ပြို ပြို ပျက်ပျက် အူ ) ²

အရာတော် ယင်းမာပင်နဲ့

မန်းလေး ကျောက်ဆည်မကျန်

ကရင်နီ လေးကော့နယ်နဲ့

နမ့်ခမ်း ဗန်းမော်မကျန်

စတင်ဂါ ( ၂ ) လက် ရလိုက်ရင်ဖြင့်

စိမ်းစိမ်းကျက်ကျက် အတူတူ

ကြံကြံဖန်ဖန် မြန်ပြည်သူ

PDF တို့ မြန်ပြည်သူရယ်

အပြေးလေးသွားလို့ 

စခန်းသိမ်းပြန်မတဲ့ . . . သူ "

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013