
ဂျပန်နိုင်ငံ ဆက်သွယ်ရေးကွန်ရက် ၉၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံ ၀န်ဆောင်မှုပေးနေတဲ့ ဂျပန် ကေဒီဒီအိုင်ကုမ္ပဏီဟာ မြန်မာဆက်သွယ်ရေးကဏ္ဍမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံတော့မယ်လို့ ကေဒီဒီအိုင် အင်ဂျင်နီယာဌာနရဲ့ အထွေထွေမန်နေဂျာ မာဆာကတ်ဆု ဆာဝါဒါ (masakatsu sawada)က ပြောပါတယ်။
မတ် ၁၃ ရက်နေ့က ရန်ကုန် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း ရုံးချုပ်မှာ ကျင်းပတဲ့ ယူအမ်အက်ဖ်စီစီအိုင်နဲ့ ကေဒီဒီအိုင်အင်ဂျင်နီယာရင်း ကုမ္ပဏီစီးပွားရေး ညှိနှိုင်းအစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ကေဒီဒီအိုင်အနေနဲ့ ဆက်သွယ်ရေးကဏ္ဍ အခြေခံအဆောက်အဦတွေဖြစ်တဲ့ တာဝါတိုင်တွေ တည်ဆောက်တာ၊ မြန်မာနိုင်ငံ ပြည်တွင်းသုံးဖုန်းအမျိုးအစားတွေ အချင်းချင်းချိတ်ဆက်ပေးမယ့် အင်တင်နာတွေ၊ ရွှေ့လျားတာဝါတိုင်တွေနဲ့ ကြိုးမဲ့စနစ်သုံး စောင့်ကြည့် ကင်မရာစနစ်တွေ တပ်ဆင်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
ဂျပန် ကေဒီဒီအိုင်ကုမ္ပဏီဟာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအတွက် အော်ပရေတာ လုပ်ငန်း တင်ဒါခေါ်ရာမှာ ၀င်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပဲ အခုမှ ဆက်သွယ်ရေး အခြေခံအဆောက်အဦကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ၀င်ရောက်လာတာ ဖြစ်ပါတယ်။











