DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌ မီး‌ရှို့အသတ်ခံရသည့် ၆ လောင်းတွေ့ရှိ ၊အမျိုးသမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီး ဝါးချွန်ဖြင့်ထိုးကာ နှိပ်စက်
DVB
·
May 7, 2022
မတ္တရာမြို့နယ်၌  မီး‌ရှို့အသတ်ခံရသည့် ၆ လောင်းတွေ့ရှိ ၊အမျိုးသမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီး ဝါးချွန်ဖြင့်ထိုးကာ နှိပ်စက်
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းက ဒေသကာကွယ်ရေးစခန်းတခုကို  မေ ၄ ရက်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်စီးနင်းခဲ့ပြီးနောက် ဖမ်းဆီးခံရသူ ၆ ယောက်ကို သတ်ဖြတ် မီးရှို့ထားခဲ့တဲ့ မီးကြွင်း အရိုးစုတွေကို  မေ ၆ ရက်မှာ  ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၀၀ လောက်ဟာ  မေ ၄ ရက် မနက် ၇ နာရီလောက်က  ကားလေး ၆ စီး၊ ကားကြီး ၆ စီးနဲ့ လာရောက်ခဲ့ပြီး မြောင်းသစ်ကျေးရွာတောင်ဘက် အင်းရွာအကြားက ဒေသကာကွယ်ရေးစခန်းကို စီးနင်းခဲ့တာကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သလို စခန်းမှာ တွေ့ရှိသူ ၆ ယောက်ကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် လက်လုပ်သေနတ်‌ ၃ လက် ၊G 22 မောင်းပြန် သေနတ် ၂ လက် ၊ကျည်ဘောက် ၆ ခု၊ လက်လုပ်မိုင်းတွေ၊ ဆိုင်ကယ် ၁၀ စီးလောက်နဲ့  မီးစက်တွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ဖမ်းမိသူတွေကို စစ်မေးခဲ့ပြီး‌တဲ့နောက် တခြားစခန်းတစ်ခုကိုလည်း သွားရောက်စီးနင်းခဲ့ကာ  စခန်းကနေ ဆိုင်ကယ်  ၅ စီးနဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။

အဲဒီနောက် မေ ၅ ရက်မှာ  ဖမ်းဆီးထားသူ ၆ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တာဖြစ်ပြီး အသတ် ခံခဲ့ရသူတွေဟာ အသက် ၂၅ နှစ်ကနေ အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသား ၄ ယောက်နဲ့ အသက် ၄၀ ကျော် အရွယ်အမျိုးသမီးတယောက်နဲ့  အသက် ၂၀ ဝန်းကျင်ခန့် အမျိုးသမီး တယောက်တို့ ဖြစ်ပါတယ်။  အဆိုပါ အမျိုးသမီးနှစ်ယောက်ဟာ   သားအမိတော်စပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလ ၅ ရက်  ည ၇ နာရီလောက်မှာ သဖန်းကိုင်းကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး  အမျိုးသမီး ၂ ယောက်ကို ဖမ်းဆီးကာ ဝါးချွန်တွေနဲ့ထိုးတာ၊ ဦးခေါင်းနဲ့ ကိုယ်လုံးတွေကို ပြင်းပြန်ထန်ထန် ရိုက်နှက် စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးကို  စစ်ဆေးရှာဖွေခဲ့ပြီး  နေအိမ် ၁ လုံးကို လည်း မီးရှို့ခဲ့ပါတယ်။

မတ္တရာနယ်ခံတစ်ဦးက "ဒီက တောသူတောင်သားတွေက အိမ်တစ်လုံးဖြစ်အတွက် နှစ်ပေါင်း နှစ်ဆယ်လောက်စုဆောင်းပြီးတော့ ချွေးနည်းစာလေးတွေနဲ့ အိမ်ဆောက်ရတာ ဆိုတော့လေ၊ အပြစ်ရှိရင် အပြစ်ရှိတဲ့သူပဲ ဖမ်းသင့်တာပေါ့။ အပြစ်မရှိတဲ့လူတွေလည်း ဖမ်းတာကတော့ မကောင်းဘူးလို့ ယူဆပါတယ်"လို့ ပြောပါတယ်။

မတ္တရာအရှေ့ပိုင်းနယ်မှာ မွှေနှောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ မေ ၆ ရက်မှာ  ပြန်သွားခဲ့ပြီးနောက် စစ်ယာဉ်တန်းကို ဒဟတ္တောကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် သပြေခြံအတွင်းမှာရှိတဲ့ အမျိုးသမီးကြီးတယောက်  ကျည်သင့် သေဆုံးခဲ့တယ်လို့  မတ္တရာ နယ်ခံတွေကပြောပါတယ်။

မေလ ၄ ရက်က  စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်စီးနင်းမှုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၁ ဦး ကျဆုံးကာ ၅ ဦးဒဏ်ရာရ ခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013