DVB Logo
Home
မြန်မာသတင်း
သီလ၀ါအစုရှယ်ယာများကို လူတန်းစားမျိုးစုံက ၀ယ်ယူနေ
DVB
·
March 14, 2014
သီလ၀ါအစုရှယ်ယာများကို လူတန်းစားမျိုးစုံက ၀ယ်ယူနေ
Donate to DVB

မြန်မာသီလ၀ါ အများပိုင်ကုမ္ပဏီက ရောင်းချတဲ့ အစုရှယ်ယာတွေကို ၀ယ်ယူဖို့အတွက် လူတန်းစားမျိုးစုံက အဆိုပြုလွှာတွေကို လာတင်ထားနေကြပြီလို့ ကုမ္ပဏီက ပြောပါတယ်။

ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရှယ်ယာ အများဆုံး ပိုင်ဆိုင်တဲ့ မြန်မာအများပိုင်ကုမ္ပဏီ Myanmar Thilawa SEZ Holding Public ltd က ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို အများပြည်သူတွေလည်း ပိုင်ဆိုင်ခွင့်ရရှိဖို့ မတ်လ ၃ ရက်နေ့ကစ ရောင်းချပေးနေတာပါ။

[caption id="attachment_47770" align="alignleft" width="300"]သီလ၀ါ အထူးစီးပွားရေးဇုန် သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]ရောင်းချရာမှာ လူအများဝယ်နိုင်တဲ့တန်ဖိုး ဖြစ်ဖို့ အစုရှယ်ယာ ၁ စုကို ကျပ် ၁ သောင်းနှုန်းနဲ့ သတ်မှတ်ပြီး အစုရှယ်ယာပေါင်း ၂ သန်းကျော်ကို အချိန် ၁ လ သတ်မှတ်ပြီး ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမ၀ါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ မြန်မာအများပိုင်ကုမ္ပဏီရုံးချုပ် တည်ရှိရာ ရန်ကုန်မြို့ ကုန်သည်အသင်းချုပ်ရုံးတွေမှာ ရောင်းချပေးနေပါတယ်။

လတ်တလော ရှယ်ယာဝယ်ယူဖို့ အဆိုပြုလွှာ လာရောက်လျှောက်ထားမှု အခြေအနေနဲ့ပတ်သက်ပြီး မြန်မာသီလ၀ါအများပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးအေးဝင်းက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ရှယ်ယာ တစုတည်း ၀ယ်တဲ့သူရော၊ ၅ စုဝယ်တဲ့ သူရော၊ ၁၀ စုဝယ်တဲ့ သူရော၊ အစု ၁၀၀ ၀ယ်တဲ့ သူကအစပေါ့နော် အဲဒီလိုမျိုး လူတန်းစားက တော်တော်ကိုတော့ စုံတယ်။ တကယ့်ကို လူတန်းစား တော်တော်ကို စုံတာ ခင်ဗျ။ တချို့ ကျနော်တို့ ထိန်းသိမ်းရမယ့် ကျင့်ဝတ်လေးတွေ ရှိတယ်။ ဥပမာ - ဈေးကွက်ထဲမှာ ကိုယ့်ရှယ်ယာကို ဈေးကွက်မြှင့်တင်တဲ့ ဟာမျိုးတွေလည်း ကျနော်တို့က မဖြစ်စေချင်ဘူးလေ။”

ဒီနောက် တင်သွင်းထားတဲ့အဆိုပြုလွှာတွေကို စိစစ်တဲ့နေရာမှာတော့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ Pro-rata စနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်လို့ လူပုဂ္ဂိုလ်ကို ကြည့်ပြီး ရောင်းချပေးမှာ မဟုတ်ဘဲ အစုပမာဏကို ကြည့်ပြီးတော့ အချိုးကျရောင်းချမယ်လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

အဆိုပြုလွှာတွေကို လက်ခံပေးနေတဲ့ သမ၀ါယမဘဏ်က တာဝန်ရှိသူတဦးကလည်း လူတိုင်း ၀ယ်ယူနိုင်တဲ့တန်ဖိုး ဖြစ်တာကြောင့် နိုင်ငံဝန်ထမ်းတွေ အပါအ၀င် လူမျိုးစုံ ၀ယ်ယူမှုရှိတယ်လို့ ပြောပါတယ်။

“ရှယ်အစု တစုကို ၁ သောင်းဖြစ်တဲ့အတွက် လူတိုင်းကတော့ ၀ယ်ကြပါတယ်။ ၀န်ထမ်းပိုင်းတွေကော ဘာတွေကော ၀ယ်ကြတာလည်း တွေ့ရတယ်။ တစု ၀ယ်ထားလည်း ၀ယ်ကြတာပဲ။ အများကြီးတော့ ၀ယ်ကြပါတယ်။ ဘဏ် ၅ ဘဏ်က ရောင်းတဲ့ ရှယ်ယာတွေအပေါ်မှာ သူတို့ ဘုတ်ထိုင်မယ်၊ သူတို့ သုံးသပ်မယ်။”

မြန်မာနိုင်ငံမှာ အစုရှယ်ယာ ၀ယ်ယူကြတာဟာ အမြတ်လိုချင်လို့ ၀ယ်ယူကြတာ ဖြစ်ပေမယ့် နိုင်ငံတကာမှာတော့ ရရှိမယ့်အမြတ်ငွေထက် ရှယ်ယာတန်ဖိုး မြှင့်တက်ခြင်းကို မျှော်ကိုးပြီး ရင်းနှီးမြှုပ်နှံနေကြတာပါ။

ဒါကြောင့် သီလ၀ါ အစုရှယ်ယာတွေကလည်း နိုင်ငံတကာစနစ်အတိုင်း ကျင့်သုံးမှာ ဖြစ်လို့ အမြတ်ရချင်မှ ရမှာ ဖြစ်တဲ့အကြောင်း သီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဆက်အောင်က ရှယ်ယာရောင်းချပေးမယ့်အစီအစဉ်နဲ့ ပတ်သတ်ပြီး ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းကစပြီး စီးပွားဖြစ် စတင်လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားပြီးတော့ မြန်မာနိုင်ငံမှာ ဒီစီးပွားရေးဇုန်က ပထမဆုံး နိုင်ငံတကာအဆင့်မီ တည်ဆောက် အကောင်အထည်ဖော်တဲ့ စီမံကိန်းကြီး တခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013