DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏ ၃၀ ရာခိုင်နှုန်းအထိ ထိုးကျ
DVB
·
May 6, 2022
မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏ  ၃၀ ရာခိုင်နှုန်းအထိ ထိုးကျ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏက ၃၀ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ရပြီး မြန်မာ့စွမ်းအင်ကဏ္ဍဟာ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ထိခိုက်မှုနဲ့ ကြုံတွေ့နေရစဉ် စစ်အာဏာသိမ်းလိုက်တဲ့လုပ်ရပ်ကြောင့် လွန်ခဲ့တဲ့နှစ်အ နည်းငယ်အတွင်းက အခြေတည်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေကောင်းတွေဟာ ပျက်စီးခဲ့ရပြီလို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်အထိ ၅ လတာ ကာလအတွင်းမှာ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏက မဂ္ဂါဝပ် ၃၇၁၁ ရှိခဲ့ရာကနေ မဂ္ဂါဝပ် ၂၆၆၅ အထိသာ ထုတ်လုပ်နိုင်တဲ့ အတွက် မဂ္ဂါဝပ်ပေါင်း ၁၀၄၆ လျှော့ကျလာပြီး ရာခိုင်နှုန်းအားဖြင့်  ၃၀ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ရတာလို့ဆိုပါတယ်။

မြန်မာ့စွမ်းအင်ကဏ္ဍအပေါ် ကမ္ဘာ့ဘဏ်ရဲ့ စောင့်ကြည့်လေ့လာတဲ့အစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်း ၄၄၀၀ ကျော်တို့ကို စစ်ကောင်စီက အလုပ်မှထုတ်ပယ်လိုက်တာက စွမ်းအင်ကဏ္ဍမှာ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် လူထုက အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို ဖီဆန်ကာ မီတာခ မပေးသွင်းဘဲ သပိတ်မှောက် ဆန္ဒပြမှုနဲ့အတူ  ပုဂ္ဂလိက စွမ်းအင်ထုတ်လုပ်သူတွေကို ပေးချေရတဲ့ နိုင်ငံခြားငွေတန်ဖိုး မြှင့်တက်လာတဲ့ အကျိုးဆက်တွေက စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကို ထိခိုက်စေပြီး စွမ်းအင်ကဏ္ဍအပေါ် သက်ရောက်မှုများစွာ ရှိလာပါတယ်။

အခုလို အခြေခံအဆောက်အအုံဖြစ်တဲ့ လျှပ်စစ်မီးအား အချိန်မှန် မပေးနိုင်တဲ့ အကျိုးဆက်က အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းနဲ့အတူ ဆင်းရဲမွဲတေမှုကို ပိုဆိုးလာဖို့ ရှိတယ်လို့ စီးပွားရေးသုတေသီတွေက ဆိုပါတယ်။

ပြည်ပရောက်စီးပွားရေးသုတေသီတယောက် “လျှပ်စစ်မီး ပြတ်တောက်မှုက အခု ၆လ ၊ ၁နှစ် အတွင်းမှာကို အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေပေါ်မှာ သက်ရောက်မှုက ရှိနေပြီ။ အခုဆိုရင် ထုတ်လုပ်မှုတွေ ကျဆင်းနေပြီ။ ထုတ်လုပ်မှု ကျဆင်းရင် ဘာဖြစ်မလဲဆို အလုပ်လက်မဲ့တွေ များလာမယ်။ ဒါဆိုရင် ဆင်းရဲမွဲတေမှုက ပိုဆိုးလာလိမ့်မယ်။ အဲ့တော့ ဒါကို ဘယ်လို ကိုင်တွယ်မလဲပေါ့။ ဒါပေမဲ့ အခု ကျနော်တို့ ကြည့်လိုက်တဲ့အခါ စီးပွားရေးပေါ်လစီက ထုံးစံအတိုင်းဘဲ တွေ့ရတယ်။ စစ်ကောင်စီကတော့ လုံခြုံရေးအပိုင်းကို ပိုပြီး ဦးစားပေးမယ့် သဘောမှာရှိတယ်။ ဆိုတော့ လုံခြုံရေးကို ဦးစားပေးမယ်ဆိုရင် ကာကွယ်ရေးနဲ့လုံခြုံရေးစရိတ်က တက်မှာပဲ။  အဲ့စရိတ်က ဒီနှစ်လည်း တက်တယ်၊ နောက်နှစ်လည်း တက်မှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားပညာရှင်တဦးကလည်း “စီးပွားရေး သီအိုရီကတော့ ရှင်းတယ်။ ကာကွယ်ရေးနဲ့လုံခြုံရေးမှာ ပိုသုံးရင် တခြားကဏ္ဍတွေမှာ လျှော့သုံးရတာဘဲ။ ဘာကြောင့်လဲဆို ဘတ်ဂျက်ရဲ့ သဘောအရ တခုကို ပိုသုံးရင် တခုကို လျှော့သုံးရတာဘဲ။ အဲ့တော့ လျှော့တဲ့အထဲမှာ ဘာတွေပါသွားလဲဆိုတော့ အရေးကြီးတဲ့ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍအပြင် ပညာရေးနဲ့ကျန်းမာရေး အသုံးစရိတ်တွေ အကုန်ပါသွားတယ်နော်။ ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာက ဘာပြောလဲဆိုရင် ကာကွယ်ရေးအသုံးစရိတ်က ပညာရေးနဲ့ကျန်းမာရေး အသုံးစရိတ်ထက် မများရဘူးလို့ ပြောထားတာ။ ဒါပေမဲ့ မြန်မာပြည်ကိုကြည့်လိုက်ရင် ကာကွယ်ရေးအသုံးစရိတ်က အမြဲတမ်း မြင့်နေတာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်ဥပဒေအရ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ စုစုပေါင်းအသုံးစရိတ်ရဲ့  ၄ ရာခိုင်နှုန်းအောက်မှာ ရှိတဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်နဲ့ယှဉ်ရင် အဆ ၅ ဆ ကွာခြားမှု ရှိနေတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏက မဂ္ဂါဝပ် ၄၀၀၀ ဝန်းကျင်သာရှိပြီး ဒီပမာဏထဲက အစိုးရပိုင်းမှ ထုတ်လုပ်နိုင်မှုက ၄၀ ရာခိုင်နှုန်းကျော်သာပါဝင်ပြီး ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းက ပုဂ္ဂလိကကဏ္ဍက  ဖြစ်ပါတယ်။

ပုဂ္ဂလိကကဏ္ဍက လျှပ်စစ်ဓာတ်အားထုတ်ယူမှုအပိုင်းမှာ  အစိုးရနဲ့ ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းတွေမှာ  တရုတ်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုက အနည်းဆုံး ၃ ပုံ ၂ ပုံအထိ ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၂၀ လေးနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက အရင် စစ်အစိုးရတွေလက်ထက်ကထက် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ထုတ်လုပ်လာနိုင်ခဲ့ပြီး တနိုင်ငံလုံး ရှိလူဦးရေ၏ ၅၄ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အား အသုံးပြုနေရပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။

ဒါကြောင့်ဘဲ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အမျိုးသား လျှပ်စစ် မဟာဗျူဟာ အစီအစဉ် (National Electricity Master Plan) အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၈၀၀၀ ကျော်မဂ္ဂါဝပ် ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၁၀၃၇၉ မဂ္ဂါဝပ် (လူဦးရေ၏ ၇၅ ရာခိုင်နှုန်း) နဲ့ ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်းရေးအတွက် ၂၃၅၉၄ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်သွားဖို့  မျှော်မှန်း ထားခဲ့ပေမယ့် ဒီရည်မှန်းချက်တွေက  စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်ပါတယ်။

Photo-MOEE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013