DVB Logo
Home
မြန်မာသတင်း
ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများ ဖမ်းဆီးခံရ
DVB
·
March 13, 2014
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ ရှမ်းစာပေသင်တန်းဆရာမတဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက ရှမ်းရွာသား ၇ ဦးကို ကေအိုင်အေတပ်က မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ အဲဒီဒေသမှာ နွေရာသီရှမ်းစာပေသင်တန်း ဖွင့်လှစ်ရေးကိစ္စနဲ့ နယ်လှည့်ဆောင်ရွက်နေတဲ့ ဗန်းမော်ခရိုင် ရှမ်းလူငယ်ခေါင်းဆောင် စိုင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

Shan State Map“မနေ့က ကျနော်တို့သွားပြီးမှ မေးခဲ့တယ်။ အဲနေ့မနက် ၇ နာရီခွဲလောက်က ပန်ဆက်ရွာက နန်းစိန်ပွင့်နဲ့ နန်းအေထွေး သူတို့ ၂ ယောက် မိုင်းခေါင်ဈေးက အပြန်မှာ ကေအိုင်အေက ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ အခု လောလောဆယ် ကေဆွမ်းတပ်မှာ ထိန်းသိမ်းထား တယ်လို့ ပြောတယ်။ နန်းစိန်ပွင့်ကတော့ ပန်ဆက်မှာ ရှမ်းစာသင်ပေးတဲ့ ဆရာမပေါ့၊ နန်းအေထွေးကတော့ ကျားဖြူပါတီရဲ့ အဖွဲ့ဝင်တယောက်ဖြစ်တယ်။”

ကျန်တဲ့သူတွေကတော့ မိုင်းခေါင်ရွာသား ၂ ဦးနဲ့ သုံပလွေရွာသူ ၃ ဦးတို့ ဖြစ်ပြီး အဲဒီနေ့ တရက်တည်းမှာ အဖမ်းခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက မိုင်းခေါင်ရွာသား လူငယ်တဦးကတော့ ယခင်က သူ့ညီဖြစ်သူလည်း စုဆောင်းရေးထဲမှာ ပါခဲ့ပြီးဖြစ်ကြောင်း ပြောဆိုတဲ့အတွက် မနေ့က ပြန်လွတ်လာပြီလို့ စိုင်းထွန်းက ဆက်ပြောပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုတိယခေါင်းဆောင် ဦးစိုင်းစန်းဝေကလည်း အဲဒီကိစ္စကို ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေဆီကနေတဆင့် တင်ပြထားကြောင်း၊ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြစ်ဆုံ တီယန်စွပ်ဒေသ ရွှေမော်မှာ အဖမ်းခံခဲ့ရတဲ့ လူငယ် ၂ ယောက်ကိုတော့ မိဘဖြစ်သူတွေက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေးရုံးမှာ သွားပြောတဲ့အတွက် မနေ့တနေ့က ပြန်လွှတ်လာပြီလို့ ပြောပါတယ်။

ကေအိုင်အိုဘက်ကတော့ တပ်သားသစ်စုဆောင်းရေးအတွက် ဒေသခံရွာသားတွေကို အတင်း အဓမ္မဆွဲခေါ်နေတဲ့ ကိစ္စဟာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ကေအိုင်အို အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက “အရင်တုန်းကလုပ်တယ်။ စစ်ပွဲရပ်ပြီးတဲ့ ၂၀၀၃ နောက်ပိုင်း မလုပ်ဘူး။ ဒီနောက်ပိုင်း ကျနော်တို့က စည်းရုံးရေးပဲ လုပ်တယ်။ ပညာပေးသင်တန်းတွေ ရှိတယ်။ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန် ကိုယ့်အလုပ် ကိုယ်လုပ်ပေါ့။ ဖမ်းဆီးခံရတယ်ဆိုတာ အချက်အလက်တွေသိရင် မြစ်ကြီးနားမြို့ စီတာပူကွင်းရှေ့က ကျနော်တို့ရုံးမှာ ကိုယ်တိုင်သွားရောက်ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက် ပြီးတော့ ဖြေရှင်းလို့ရတယ်လို့ အသိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့ဟာ မနှစ် ၂၀၁၃ ဒီဇင်ဘာလက မံစီမြို့နယ်ထဲက သူတို့ ဖမ်းဆီးထိန်းသိမ်းထားသူ ၅၀ ကျော်အနက် တ၀က်ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013