DVB Logo
Home
မြန်မာသတင်း
ဖုန်းမော်နေ့အမှတ်တရ အခမ်းအနားများ ကျင်းပ
DVB
·
March 13, 2014
ဖုန်းမော်နေ့အမှတ်တရ အခမ်းအနားများ ကျင်းပ
Donate to DVB

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က လုံထိန်းတပ်ဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ရဲ့ ၂၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို ဒီနေ့ကျင်းပခဲ့ကြပါတယ်။

နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားတွေကို ရန်ကုန်မြို့က နေရာတချို့မှာ ကျင်းပခဲ့သလို အင်းစိန် ကြို့ကုန်းမှာရှိတဲ့ ဇီးကုန်းတောရ စာသင်တိုက်မှာလည်း ကိုဖုန်းမော် ကျဆုံးတဲ့နေ့က အတူပါဝင်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေကနေ ဆွမ်းကျွေးနဲ့ အောက်မေ့ဖွယ်အခမ်းအနားတခု ပြုလုပ်ခဲ့ပါတယ်။

Phone Maw Memory2014ဒီပွဲကိုတက်ရောက်ခဲ့တဲ့ ၂၀၀၇ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က အခုလို ပြောပါတယ်။

“၉ နာရီကနေပြီးတော့ ၁၂ နာရီအထိက ကြို့ကုန်းမှာရှိတဲ့ ဇီးကုန်းတောရ စာသင်တိုက်မှာ တခု ကျင်းပါတယ်။ အဲဒီတုန်းက သေနတ်ဒဏ်ရာရတဲ့ ဦးမြင့်ဦးတို့ အပါအ၀င် ပေါ့နော်။ အင်ဂျင်နီယာ ကျောင်းသားတွေက စုပြီးလုပ်တာ တခုပေါ့။ အဲဒါက မနက်ပိုင်းမှာ ဆွမ်းကပ်တာပေါ့။”

ဒါ့အပြင် ဖုန်းမော်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့လည် ဘားလမ်းက အောခစ်ဟိုတယ်နဲ့ အင်းယားကန်ဘောင် (တံတားဖြူအနီး) မှာလည်း ပြုလုပ်ခဲ့ပါတယ်။

ကိုဖုန်းမော် အမှတ်တရပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်သူက “အင်းလျားကန်ဘောင်မှာ ကိုဖုန်းမော် ကျဆုံးတဲ့အထိမ်းအမှတ်ကို ကဗျာတွေ ရွတ်မယ်။ ကျောင်းသားလူငယ်တွေက သူတို့ ရင်ထဲက ခံစားချက်တွေကို ထုတ်ပြောကြမယ်။ အဓိကကတော့ဗျာ ကိုဖုန်းမော် ကျဆုံးခဲ့တယ်ဆိုတာ တိုင်းပြည်အတွက် မတရားမှုပဲဗျ။ အဲဒီ မတရားမှုကို မမေ့သွားအောင် လုပ်ပေးတာပါ။ မမေ့အောင်ဆိုတဲ့နေရာမှာ သူတို့ခံခဲ့ရတဲ့ ဟာတွေက မတရားရသဖြင့် ခံရတာဖြစ်တယ်။ ဒါကို ကျနော်တို့က မတရားသဖြင့် ခံရကြောင်းကို သက်သေထူတာ။ သူတို့ သေရခြင်းဟာ တခြားအကြောင်းကြောင့် သေရခြင်းမဟုတ်ဘဲနဲ့ မတရားမှုကြောင့် မသေသင့်ပဲ သေရတဲ့လူတွေအဖြစ်နဲ့ ကျနော်တို့က အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဖြစ်ရပ်တွေ ဘယ်တော့မှ ပပျောက်မသွားအောင် လူတွေကို အစဉ်အမြဲနိုးကြားနေအောင် ဒီရည်ရွယ်ချက်နဲ့ လူငယ်တွေ အားလုံးပေါင်းပြီး လုပ်ကြတာပါ” လို့ ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာလည်း အလားတူ အခမ်းအနားတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၈၈ မတ်လ ၁၃ ရက်နေ့က အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်နေ လူငယ်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့ ကိစ္စက အစပြုပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေကို လုံထိန်းတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီ ဖြစ်ရပ်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာစေဖို့ လတ်တလော အကြောင်းရင်းတွေထဲက တခုဖြစ်ခဲ့တာပါ။

ကျောင်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ၁၉၈၉ ခုနှစ်ကစပြီး မတ်လ ၁၃ ရက်နေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်လာခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013