DVB Logo
Home
မြန်မာသတင်း
မြန်မာဘွဲ့လွန်ကျောင်းသူ ၁ ဦး အမေရိကန်စိတ်ပညာအသင်းမှ ပေးအပ်သည့် ထူးချွန်ဆုရရှိ
DVB
·
May 4, 2022
မြန်မာဘွဲ့လွန်ကျောင်းသူ ၁ ဦး အမေရိကန်စိတ်ပညာအသင်းမှ ပေးအပ်သည့် ထူးချွန်ဆုရရှိ
Donate to DVB

အမေရိကန်စိတ်ပညာအသင်း(APA)က ပေးအပ်တဲ့ ၂၀၀၂ ခုနှစ်အတွက် ထူးချွန်ဆုကို မြန်မာဘွဲ့လွန်ကျောင်းသူတယောက်ဖြစ်တဲ့ မဖြူပန်းနုခင်က ဆွတ်ခူးရရှိသွားပါတယ်။

မဖြူပန်းနုခင်ဟာ အမေရိကန်နိုင်ငံ၊ ဗားမောင့်ပြည်နယ်၊ ဘာလင်တန်မြို့ရှိ Vermont တက္ကသိုလ်မှာ စိတ်ပညာ ပါရဂူဘွဲ့သင်တန်း တက်ရောက်နေတဲ့ ကျောင်းသူတယောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် 2022 APA's Distinguished Student Service Award in Clinical Psychology ဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

မဖြူပန်းနုခင်က “APA က ပေးအပ်တဲ့ ဒီဆုကို ကျမရဲ့ တက္ကသိုလ်က ပရော်ဖက်ဆာတွေက အမည်စာရင်းတင်သွင်းပေးခဲ့လို့ ဒီနှစ်ကျမ ရရှိခဲ့တာမို့လို့ ဆရာတွေကို ကျေးဇူးတင်ရပေမယ့် သူတို့ထက်ကို ပိုပြီး အရေးတကြီး သတိရကျေးဇူးတင်မိတာကတော့ ကျမရဲ့ မြန်မာပြည်က Community ၊ ကျမရဲ့ မိသားစု အသိုင်းအဝိုင်းနဲ့ ကျမတို့ မြန်မာပြည်သူတွေပါပဲ။ ဒီလေ့လာနေတဲ့ ကျမတို့ ပညာရပ်မှာ တည်ရှိပြီးသား သိပ္ပံနည်းကျ ကုထုံးတွေကို ဒီထက်ပိုပြီးတော့ ထိရောက်အောင် လေ့လာချင်တဲ့အတွက်ကြောင့်မို့လို့ အခုပါရဂူဘွဲ့ကို ကျမရွေးချယ်ဖြစ်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့်ပေါ့လေ ကျမတို့ရဲ့ နယ်ပယ်ထဲမှာ တည်ရှိပြီးသား ပညာရပ်တွေ၊ ကုထုံးတွေက နိုင်ငံတ ကာနဲ့ ယှဉ်ကြည့်လို့ရှိရင် မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ မြန်မာပြည်သူတွေမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ခံစားချက်တွေကို သိပ္ပံနည်းကျ လေ့လာထားတာမျိုး မရှိသေးဘူးရှင့်။ ဒါကြောင့်မို့လို့ ကျမရဲ့ သုတေသနကျမ်းကို အထူးသဖြင့် ခုလိုနိုင်ငံရေးမတည်ငြိမ်တဲ့ ကာလမျိုးမှာ ပညာရှင်နည်းပါးနေတဲ့ ကာလမျိုးမှာ ကျမတို့ မြန်မာပြည်သူတွေအနေနဲ့ မိမိဘာသာ ဘယ်လိုရပ်တည်နေလဲ၊ ရှေ့ဆက်သွားနေလဲဆိုတာတွေကို လေ့လာခြင်းအားဖြင့် ကျမရဲ့ ရည်ရွယ်ချက်က ကျမတို့က နှစ်ရှည်လများ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ၊ ကုထုံးတွေ အများကြီး လိုအပ်လာတော့မယ်၊ ကျမတို့ မြန်မာပြည်တွင်းမှာ၊ အဲဒီအတွက် လိုအပ်ချက်တွေကို ဒီထက်ပိုပြီး ထိရောက်အောင် ဘယ်လိုဖြည့်ဆည်းရမလဲဆိုတဲ့ သုတေသနမျိုးကို ကျမတို့က အဖြေရှာချင်တာပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့ နားလည်အောင်ပေါ့နော်။ ကျမတို့ လူ့ဘောင်အဖွဲ့အစည်းမှာ ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပြည့်ဝအောင်၊ ကျန်းမာအောင် နေထိုင်နိုင်ဖို့ကို ကျမလေ့လာချင်တာပဲ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

သူဟာ ကုသရေးဆိုင်ရာစိတ်ပညာဘာသာရပ်အတွက် ပါရဂူဘွဲ့ သင်တန်းကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်လေ့လာသင်ယူခဲ့ပြီး အထူးပြု လေ့လာမှုတွေကတော့ စိတ်ဒဏ်ရာ ထိခိုက်ခံစားရပြီးနောက် ဒါကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စိတ်ရဲ့ အရေးပါမှု၊ လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကား၊ ဇာတိနိုင်ငံစတာတွေ ခြားနားတဲ့ လူနာတွေကို ကုသမှုမှာ သူတို့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို လေ့လာအသုံးချပြီး ကုသပေးခြင်းလုပ်ငန်းစဉ်တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မဖြူပန်းနုခင်ဟာ သူ့ရဲ့ ပါရဂူဘွဲ့ သုတေသနကျမ်းမှာတော့ နိုင်ငံရေး အကြမ်းဖက် နှိပ်စက်ခံရမှုတွေအတွင်း စိတ်ဒဏ်ရာရရှိထိခိုက်မှုနဲ့ ဒါတွေကို ကြံ့ကြံ့ခံအံတုနိုင်တာတွေရဲ့ သက်ရောက်ဖြစ်ပေါ်မှုတို့ကို လေ့လာသုတေသနပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးသွားတဲ့နောက်ပိုင်း စစ်တပ်ရဲ့အကြမ်းဖက်မှုမျိုးစုံကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခိုင် ရင်ဆိုင်တုံ့ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အထူးပြုလေ့လာသုံးသပ်ချက်စာတမ်းကြောင့်ဆုရရှိခဲ့တာလည်း ဖြေစ်ပါတယ်။ 

ဆုရရှိခဲ့တဲ့ မဖြူပန်းနုခင်က “အဓိက ကျမဝေမျှချင်တာကတော့ ဘဝမှာ ဘယ်လိုပဲ ဒုက္ခတွေ ရောက်နေပါစေ၊ ဘယ်တော့မှ အရှုံးမပေးဘူး၊ မျှော်လင့်ချက်မပျောက်ဘူးဆိုတဲ့ စိတ်ကပေါ့နော်၊ အရမ်းအရေးကြီးတယ်၊ မျှော်လင့်ချက်က အရေးအကြီးဆုံးပါပဲ၊ ကျမတို့ ပိုကောင်းတဲ့ အနာဂတ်တွေ ရှိလာဦးမယ်၊ အတိတ်မှာ ဖြစ်ခဲ့တာတွေက ငါ့ဘဝကို ပြီးဆုံးသွားစေတာမျိုး မဟုတ်ဘူး၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှေ့ဆက်မယ်၊ ရှေ့ဆက်ဖို့ ကျမတို့ အားဖြစ်စေတယ်ပေါ့နော်၊ အဲဒီအရာတွေက တယောက်နဲ့ တယောက်မတူဘူး၊ ဒါပေမဲ့ ဒါကို ကျမတို့က ခိုင်ခိုင်မာမာစွဲကိုင်ထားတာမျိုးပေါ့နော်၊ ဒီလိုအားဖြစ်စေတဲ့ အကြောင်းရင်းတွေက၊ မိမိဘဝကို ခွန်အားဖြစ်စေတဲ့ အကြောင်းရင်းတွေက တယောက်နဲ့ တယောက်မတူဘူး၊ တချို့က ကိုယ် ယုံကြည်ရာ ဘာသာတရား ဖြစ်နိုင်တယ်၊ တချို့က မိမိယုံကြည်တဲ့ နိုင်ငံရေး ယုံကြည်မှုတွေ ဖြစ်နိုင်တယ်၊ တချို့က ကိုယ်ချစ်ခင်တဲ့ မိသားစုတွေ၊ လက်တွဲဖော်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေပေါ့၊ ဖြစ် နိုင်တယ်၊ ကိုယ့်ကို ခွန်အားဖြစ်စေနိုင်တာပေါ့၊ ဒါတွေကို စွဲစွဲကိုင်ထားပြီးတော့ စိတ်ဒဏ်ရာတွေ ဖြစ်နေရင်တောင်မှ  ငါ့ဘဝဟာ တန်ဖိုးရှိတယ်၊ ငါ့ဘဝဟာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ စိတ်နဲ့ ရင်ဆိုင်ပြီး ရှေ့ဆက်တယ်ဆိုရင် ကျမတို့ ခုနက စိတ်ဒဏ်ရာတွေကို ခံနိုင်စွမ်းပိုရှိတယ်။”

အမေရိကန်စိတ်ပညာအသင်း(APA)ဟာ အမေရိကန်နိုင်ငံအတွင်း ကုသရေးဆိုင်ရာစိတ်ပညာ (Clinical Psychology) ဘာသာရပ်ကို လေ့လာသင်ယူနေတဲ့ ဘွဲ့လွန်ကျောင်း သားတွေထဲက ပညာရပ်နယ်ပယ်နဲ့ အများပြည်သူ ဝန်ဆောင်မှုတို့မှာ ထူးထူးချွန်ချွန် စွမ်းဆောင်ခဲ့သူတယောက်ကို နှစ်စဉ် ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013