
လက်ရှိ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရတို့အကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နယ်ပေါင်းစုံက ကရင်ဘာသာရေးခေါင်းဆောင်တွေ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နယ်ပေါင်းစုံက ကရင်ဘာသာရေးခေါင်းဆောင်တွေ ကရင်ပြည်နယ် ဘားအံမြို့က သုမေဓရာမ တောရကျောင်းတိုက်မှာ မတ်လ ၁၁ နဲ့ ၁၂ ရက်နေ့ နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေးကြတာပါ။
[caption id="attachment_50682" align="alignleft" width="300"]
၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ပြုလုပ်ခဲ့တဲ့ လာခီးလာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ [/caption]လက်ရှိ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အကြားပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘာသာရေးခေါင်းတွေ အနေနဲ့ ဘယ်လိုပါဝင်နိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံဆွေးနွေးကြတယ်လို့ ဆရာတော် အရှင်စန္ဒာဝရက မိန့်ပါတယ်။
“လက်ရှိ နိုင်ငံတော်အစိုးရနဲ့ ကေအန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ကိစ္စဟာ အပစ်အခတ် ရပ်စဲတဲ့ အဆင့်လောက်သာ ရှိသေးတဲ့အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းရေးဆိုတဲ့ ထာဝရအစစ်အမှန် ရောက်အောင် တွန်းအား ၀ိုင်းဝန်းပေးတဲ့အနေနဲ့ ဆွေးနွေးပြီးတော့ ဘာသာရေးအခန်းကဏ္ဍကနေ တဖက်တလှမ်းကနေ ဘယ်လိုဆောင်ကျဉ်းပေးနိုင်မလဲဆိုတာ နည်းလမ်းရှာဖွေပြီးတော့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင်များ ပါဝင်မှ သာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမြန်ရရှိမယ်လို့ ဒီယုံကြည်ချက်နဲ့ ဆွေးနွေးတာ ဖြစ်ပါတယ်။”
ဆွေးနွေးပွဲအပြီးမှာတော့ အချက် ၈ ချက်ပါတဲ့သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါ တယ်။
ဒီအချက်တွေမှာတော့ အစိုးရနဲ့ ကရင်လက်နက်ကိုင်တွေအကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဖြောက်မတ်ခြင်းနဲ့ တရားမျှတမှုကို အခြေခံဖို့၊ ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးမှုတွေကို ပြည်သူတွေကို အသိပေးဖို့၊ ငြိမ်းချမ်းရေးဖော်ဆောင်စဉ်အတွင်း ရွာပုန်းရွာရှောင်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖေးမကူညီရာ စတာတွေအပါအ၀င် အချက် ၈ ချက်ကို ထုတ်ပြန်တောင်းဆို ထားပါတယ်။
နှစ်ရက်တာဆွေးနွေးပွဲအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူး၊ မွန်၊ ကရင်ပြည်နယ်တွေက ဘာသာရေးခေါင်းဆောင် ၉၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။











