DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားကိုသာ ပါတီထူထောင်ခွင့်ပြုရန် ဥပဒေပြင်
DVB
·
March 12, 2014
နိုင်ငံသားကိုသာ ပါတီထူထောင်ခွင့်ပြုရန် ဥပဒေပြင်
Donate to DVB

ယာယီသက်သေခံနိုင်ငံသားလက်မှတ် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ပါတီထောင်ခွင့် မပြုဘဲ နိုင်ငံသားတွေကိုပဲ ပါတီထူထောင်ခွင့်ပြုဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်တင်ပြခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂/၂၀၁၀)ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက တင်ပြခဲ့တဲ့ထဲ ပြင်ဆင်ချက်တင်ခဲ့တာ ဖြစ်ပါတယ်။

national parlimentဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို ကော်မတီဝင် မကွေးတိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီဥပဒေကြမ်းကော်မတီကတော့ အခန်း ၂ ပုဒ်မ ၄ မှာ နိုင်ငံသားဖြစ်ခြင်းဆိုတဲ့ စကားရပ်မှာ ပြင်ဆင်အစားထိုးဖို့ သဘောတူသင့်တယ်ဆိုပြီး၊ ဒီဥပဒေမှာ နိုင်ငံသားတွေသာလျှင် နိုင်ငံရေးပါတီ ထူထောင်ခွင့်ပြုမယ်ဆိုတဲ့ စကားရပ်ကို လက်ခံသင့်တယ်လို့ အကြံပြုလိုက်တယ်။ နောက်တခုက ပါတီထူထောင်လိုသူတွေရဲ့ စာရင်းထဲမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဒါမှမဟုတ်ရင် အမျိုးသားမှတ်ပုံတင်လက်မှတ် တင်ပြရမယ်ဆိုတာ ဥပဒေကြမ်းကော်မတီက အကြံပြုတယ်” လို့ ပြောပါတယ်။

မူလဥပဒေထဲမှာ ယာယီသက်သေခံနိုင်ငံသားလက်မှတ် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ပါတီထောင်ခွင့် ပေးထားတာမို့ ပြင်ဖို့ လုပ်ကြတာလို့ ပြောပါတယ်။

ဥပဒေပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး ထောက်ခံဆွေးနွေးခဲ့တဲ့ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးကလည်း ဒီအချက်ပြင်သင့်တယ်လို့ ပြောပါတယ်။

“အချုပ်အခြာအာဏာဆိုတာ ကျနော်တို့ နိုင်ငံသား၊ ကျနော်တို့ တိုင်းရင်းသားတွေမှာ ရှိရမယ်။ နိုင်ငံရေးပါတီကနေ တက်လာတဲ့သူတွေသာလျှင် တိုင်းပြည်ခေါင်းဆောင်ဖြစ်မယ်။ နိုင်ငံရေးပါတီကနေ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာမယ်၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာပြီးတဲ့နောက်ပိုင်း အစိုးရအဖွဲ့ဝင်၊ သမ္မတ အကုန်လုံးပေါ့၊ ဥပဒေပြုအဖွဲ့၊ တရားစီရင်ရေးအဖွဲ့၊ အဲဒါတွေက ဘယ်ကလာလဲဆိုရင် နိုင်ငံရေးပါတီတွေက လာတာပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာ တိုင်းပြည်ဦးဆောင်မှုကဏ္ဍတွေကို နိုင်ငံရေးပါတီတွေကပဲ ရကြမယ်။ တကယ်လို့ နိုင်ငံရေးပါတီ ထူထောင်သူဟာ တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားမဟုတ်ဘူးဆိုရင် အာဏာက အဲဒီပုဂ္ဂိုလ်တွေရဲ့ လက်ထဲရောက်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် အချုပ်အခြာအာဏာထိခိုက်တယ်။ ဒါဟာ ဘယ်နိုင်ငံမှာမဆို ဒီလိုပဲ လုပ်ကြတာပဲ။”

ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ကိုယ်စားလှယ် ၅ ဦး ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၇ က ဦးဌေးဝင်း(ခ)ဦးဇာယာဒ်ရော်မံ တဦးပဲ ကန့်ကွက်ခဲ့ပါတယ်။

ဥပဒေပြင်ဆင်ဖို့ ဥပဒေကြမ်းကော်မတီနဲ့ ဆွေးနွေးခဲ့ကြသူတွေ ဆက်လက် ဆွေးနွေးပြီး လွှတ်တော်ပြန်တင်ရဦးမှာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန စာရင်းတွေအရ မြန်မာပြည်ထဲ ၀ှိုက်ကတ် ကိုင်ဆောင်ထားသူ လူဦးရေ ၈ သိန်းခွဲ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013