DVB Logo
Home
မြန်မာသတင်း
ဦးပိန်တံတားနှင့် တောင်တမန် ထိန်းသိမ်းရေး လိုလား
DVB
·
March 12, 2014
ဦးပိန်တံတားနှင့် တောင်တမန် ထိန်းသိမ်းရေး လိုလား
Donate to DVB

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းမှာ ရှိနေတဲ့ ရှေးဟောင်းအမွေနှစ် ဦးပိန်တံတားနဲ့ တောင်သမန် ပျက်စီးမှုတွေ ဆက်လက် မဖြစ်ပေါ်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ရှေးဟောင်း ပညာရှင်များနဲ့ မြို့ခံတွေက လိုလားနေကြပါတယ်။

တံတားပေါ်မှာ မနိုင်ဝန်တွေနဲ့ သွားလာနေကြတာတွေ၊ ပြေးလွှားနေကြတာတွေဟာ တံတားကြီး တည်တံ့ဖို့အတွက် နှစ်ကန့်သတ်ထားသလို ဖြစ်သွားနိုင်တယ်လို့ မြန်မာမှု ဗိသုကာ ပညာရှင် ဦးဝင်းမောင်(တမ္ပဝတီ)က ပြောဆိုလိုက်ပါတယ်။

MYANMAR/“ခုတော့ ကျနော်တို့ မျက်စိရှေ့မှာ ဆိုင်ကယ်တွေ တွန်းသွားလိုက်၊ လူတွေက ပြေးလိုက်လွှားလိုက်ဆိုတော့ တံတားကြီးပေါ်မှာ လူသွားလူလာ လုပ်နေတဲ့ ဟာတွေကြည့်ရတာ စိတ်ထဲမှာ ဘယ်ချိန်များ ပျက်မလဲပေါ့နော်။ တံတားကြီးကို ရှေးဟောင်း ပစ္စည်းအနေနဲ့ ထားခဲ့မယ်ဆိုရင်တော့ နောက်ထပ် နှစ်ပေါင်း ၁၀၀၊ ၁၅၀ ခံနိုင်တယ်။ ဒီလိုသာ ဆက်လုပ်သွားရင်တော့ နောက်ထပ်နှစ် ၃၀၊ ၄၀ အတွင်းမှာ ဒီတံတားကြီးဟာ ဗုန်းဗုန်းကျပြီးတော့ ပျက်စီးသွားမယ်။ အဲ့လိုစိတ်ထဲမှာ အောက်မေ့မိတယ်။ အဲ့ဒါကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် ဒီတံတားကြီးကို ရှေးမူမပျက် ခိုင်ခံ့အောင် ပြန်ပြင်ဖို့ နံပါတ် ၁ လိုပါတယ်။”

တောင်သမန်အတွင်းမှာ ရေထွက်ပေါက်တွေကို ထိန်းချုပ်ပြီ ငါးကန်မွေးမြူထားတာတွေ ဟာလည်း ဦးပိန်တားနဲ့ တောင်သမန် ပျက်စီးသွားစေနိုင်တယ်လို့ စိမ်းရောင်စို Activity အဖွဲ့ ဦးဆောင်ပါဝင်သူ ကိုမောင်မောင်ဦးက ပြောပါတယ်။

“ဒီထဲမှာ ငါးကန် မွေးမြူထားခြင်းအားဖြင့် ရေရှည်မှာ ကောင်းနိုင်သလား၊ မကောင်းနိုင်သလားဆိုတာ ကျနော့် အမြင်ပြောရရင်တော့ အင်းလို လုပ်ထားပြီးတော့ ရေကို ထိန်းချုပ်ထားခြင်းအားဖြင့် ဘယ်သူမှ အကျိုးမရဘူး၊ ဒေသခံလည်း အကျိုးမရဘူး၊ ကျနော်တို့ အစိုးရမှာလည်း အကျိုးမရဘူး။ ဘယ်သူအကျိုးရလည်းဆိုတော့ အဲ့အင်းပိုင်ရှင်လောက်သာ အကျိုးရနေတာပဲ မြင်ကြရတယ်။ ဆိုးဝါးတဲ့ ဒဏ်ကျတော့ ကျနော်တို့ ဒေသတခုလုံးက ခံနေကြရတယ်။ ပြီးရင် ကျနော်တို့ နိုင်ငံနဲ့ချီပြီး တန်ဖိုးထားတဲ့ ဦးပိန်တံတားကြီး နဲ့ အဲ့ကန်ကြီးဟာ ပျက်စီးဆုံးရှုံးနေတာ၊ ထင်သာမြင်သာ ရှိတဲ့ အနေအထားရောက်နေပါပြီ။”

ဦးပိန်တံတားနဲ့ တောင်သမန် မပျက်စီးဖို့အတွက် Master Plan (လုပ်ငန်းစီမံချက်) တွေ ချမှတ်ပြီး ရှေးမူမပျက် ထိန်းသိမ်းနိုင်ဖို့ကို ထိုင်း-မြန်မာ ချစ်ကြည်ရေး ရေသဖန်းပွင့်အသင်းက Mr. Mickey Hart ကလည်း သူ့ရဲ့ အမြင်တွေကို အခုလို ပြောပါတယ်။

“ဦးပိန်တံတားကြီးကို ဘယ်လိုပြင်မလဲဆိုတဲ့ Master Plan ဆွဲရမယ်။ ပြင်ချင်သလို ပြင်လို့မရဘူး၊ Master Plan ကြီး ထွက်လာတဲ့အခါမှ ဘက်ဂျက်ဘယ်လောက် ရှိမလဲ အတိအကျ ပြောရမယ်။ ပြီးရင် ဘာပစ္စည်းတွေနဲ့ ဘယ်လိုပြင်မှာလဲ၊ ရှေးမူမပျက်အောင် ဘယ်လိုပြင်မှာလဲ၊ ကျနော်တို့ ယဉ်ကျေးမှုမပျက်အောင် ဘယ်လိုပြင်မှာလဲ အဲ့လို Plan ကြီးဆွဲရမယ်။ ဦးပိန်တံတားကိုပြင်မယ့် Master Plan ပြီးတော့မှ ဦးပိန်တံတားအောက်က တောင်သမန်ကို ထိန်းသိမ်းမယ့် Plan ဘယ်လို ထိန်းသိမ်းမလဲ၊ ရေတွေ ဘယ်လို သန့်မလဲ၊ ရေအနုတ်အထွက် ဘယ်လိုလုပ်ကြမလဲ၊ သဘာဝကြီးနဲ့ အနီးကပ်ဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒီပတ်ဝန်းကျင်မှာ နေကြတဲ့ လူတွေမထိခိုက်အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ Plan ကြီးတခု ထပ်ဆွဲရမယ်။”

ဦးပိန်တံတားဟာ ၁၂၁၁ ခုနှစ် ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်က မြို့စာရေး ဦးပိန် တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၆၀ ကျော်ရှိခဲ့ပါပြီ။ ကမ္ဘာမှာ ကျွန်းသစ်နဲ့တည်ဆောက်ခဲ့တဲ့ အရှည်ဆုံးတံတားအဖြစ် သမိုင်းဝင်နေရာဖြစ်သလို နိုင်ငံခြား ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာတခုလည်း ဖြစ်ပါတယ်။

သုံးပန်လှ တောင်သမန်လို့ တင်စားခဲ့ကြတဲ့ တောင်သမန်ကို ခုချိန်မှာ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ရှေးဟောင်းပညာရှင်တွေ၊ ရှေးဟောင်အမွေနှစ်မြတ်နိုးသူတွေနဲ့ မြို့ခံလူထုတွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013