
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အနှစ် ၂၀၂၂ ခု ဧပြီ ၃၀ ရက်နေ့အထိ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၂၇၄ ကြိမ် စစ်ကောင်စီတပ်သား ၁၀၆၅ သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၁၁၆ ဦး ကျဆုံးခဲ့ကြောင်း ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ယာဉ် ၃၁ စီး ပျက်စီးခဲ့ပြီး ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်မှု ၁၁၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲနဲ့လေကြောင်း တိုက်ခိုက်မှုနောက်ဆက်တွဲကြောင့် အရပ်သား လူနေအိမ် ၁၀၁၀ ပျက်စီးသွားပြီး ဘာသာရေးအဆောက်အဦ ၁၇ လည်းပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သား ပြည်သူ ၂၆၂ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၂၃၁ ဦးလည်း မရားဖမ်းဆီးခံထားရကြောင်းလည်း PKPF စားရင်းမှာ ဖော်ပြထားပါတယ်။
Data for Myanmar ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ဖြစ်စဉ်တွေဟာ နေရာပေါင်း (၂၉၆) နေရာခန့်မှာဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ နေအိမ် ၇၅၀၃ လုံးနဲ့ အများဆုံးမီးရှို့ဖျက်စီးခံရကြောင်း ဖော်ပြပါတယ္။
မကွေးတိုင်းမှာတော့ ၂၁၃၁ လုံး၊ ချင်းပြည်နယ်မှာ ၁၁၄၇ လုံး၊ ကယားပြည်နယ်မှာ ၄၀၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးတဲ့စာရင်းကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။











