Home
မြန်မာသတင်း
တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းတွင် ဆန်နှင့် ဆီ ဈေး ၂ ဆနီးပါးတက်
DVB
·
April 30, 2022
515267-483419-285273-Rice-730x365-1-730x365-1-730x365

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေက ဖြတ်လေးဖြတ် မြေလှန်စနစ်နဲ့  ရွာတွေကို မီးရှို့  ကုန်ပစ္စည်းလမ်းကြောင်း၊ ဆက်သွယ်ရေးလမ်းကြာင်း၊ ရိက္ခာလမ်းကြောင်းတွေကို တင်းကျပ် ပိတ်ဆို့တားဆီး ထားတာကြောင့် အခြေခံစားသောက်ကုန် ဆန်နဲ့ ဆီဈေးတွေ  ၂ ဆလောက် မြင့်တက်နေပါတယ်။ 

စစ်ကောင်စီရဲ့ အဆိုးဆုံးဖိနှိပ်မှုကိုခံနေရတဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ၊ ရွာတွေမီးရှို့ခံရလို့ ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဒေသထုတ်ကုန်တွေမရှိတော့တာ၊  စစ်တပ်က  တင်းကျပ် စစ်ဆေးနေတာတွေကြာင့် ပြည်သူတွေ ခရီးသွားလာရေး  ကုန်စည်ပို့ဆောင်ရေးခက်ခဲပြီး ကုန်ဈေးနှုန်းတွေ တက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက PDF တွေရဲ့ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ချင်တာကြောင့် မုံရွာမြို့ကို ဗဟိုပြုထားတဲ့ ကုန်စည်စီးဆင်းရေးလမ်းကြောင်းတွေအားလုံးကိုလည်း ကြပ်မတ် ပိတ်ဆို့ထားသလို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားပါတယ် ။ 

ရွှေဘိုခရိုင်၊ တန့်ဆည်ဒေသခံတစ်ဦး "တန်ဆည်မြို့နယ်မှာဆိုရင် လမ်းပန်းဆက်သွယ်ရေး တော်တော်ခဲယဉ်းနေတယ်။ တန်ဆည်မြို့နယ်ကို ဝင်တဲ့ဂိတ် ၄ပေါက်ရှိတယ်ဗျာ။ ၄ပေါက်စလုံးမှာ စစ်ကောင်စီက အတားအဆီးအပိတ်အဆို့တွေရှိတယ်ဗျ။ သူတို့က စစ်ဆေးတယ်။ Express ကားနဲ့သွားတယ်ဆို ကားပေါ်အထိတက်ပြီးစစ်ဆေးတယ်။ ဗင်ကားလေးနဲ့သွားတယ်ဆို ကားပေါ်ကအကုန်ဆင်းခိုင်းပြီးမှ စစ်ဆေးတယ်ဗျ။ လူထုကို အကုန်စစ်ပြီး သူတို့ကျေနပ်မှ ခွင့်ပြုတယ်။ တော်တော်ခဲယဉ်းတယ်။ မှတ်ပုံတင်မပါရင် ခရီးသွားလို့မရဘူး။ ရောက်တဲ့အရပ်မှာ ဆင်းနေခဲ့ရတယ်။ အဲ့လိုအဖြစ်မျိုးလည်းရှိနေတယ်။ ကားသမားတွေ အုံနာတွေဆို ခုချိန်ဆီဈေးတက်တယ်ဗျာ။ စစ်ကောင်စီက ဂိတ်တဂိတ်ကို  ငါးထောင်ဆိုရင် ငါးထောင် တချို့နေရာတွေဆိုကတောင်မကဘူး ခရီးသည်ဦးရေနဲ့ပိုက်ဆံကောက်တယ်။ အဲ့လိုမပေးလို့ရှိရင် သူတို့ရစ်တယ် အကြာကြီးပဲ။ အဆင်မပြေဘူးဗျ။"လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စားသောက်ကုန်ရှားပါးပြီး ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတဲ့အပြင် ကုန်ပစ္စည်းတွေကို လိုသလောက်ဝယ်ဖို့တောင် ခက်ခဲနေတယ်လို့  ကျေးရွာဒေသခံတွေထံက သိရပါတယ်။

ဆားလင်းကြီးဒေသခံတစ်ဦး "ကင်းပုန်းတွေတော့ချထားတယ်။ ကားတွေတော့မဖြတ်သေးဘူး။ စစ်ဆေးမေးမြန်းတာတွေကတော့ နေရာအနှံ့ရှိတာပေါ့။ မုံရွာသွားမယ်ဆို ရဲတပ်ရင်းအရှေ့က စစ်တယ်။ ရွှေတောင်ဦးစစ်တယ်။ မုံရွာအဝင်စစ်တယ်။ ညောင်ပင်ကြီးကိုသွားမယ်ဆိုလည်း ရွာသစ်လမ်းဆုံမှာစစ်တယ်။ ညောင်ပင်ကြီးကြ စစ်တယ်။ ဟိုဘက်ကမ်းကြတော့လည်း ရှိတာပေါ့။ ခရီးသွားတဲ့ဟာ အခက်အခဲက အများဆုံးပေါ့။ ဒုတိယက ကုန်ဈေးနှုန်းတက်တာပေါ့။ ကုန်ဈေးနှုန်းတွေက အစစအရာရာ ပုံမှန်ထက် ၂ဆလောက်တွေရောက်နေတာ။ ဆန်ဈေးဆီဈေးကလည်း ၂ဆလောက်ဖြစ်နေတာပေါ့။ ဆန်တအိပ် ငါးသောင်းလောက်ဖြစ်နေတာ။ ဆီကလည်း ရှစ်ထောင်လောက်ရှိနေတယ်။ အရင်က လေးထောင် ငါးထောင်လောက်ကနေ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ ပြည်သူလူထုအနေနဲ့ စီးပွားရေးဂယက်အများကြီးရိုက်နိုင်တယ်။ ကျနော်တို့ဆီမှာက ၇၀ရ ာခိုင်နှုန်းက ဝန်ထမ်းကများတယ်။ အလုပ်ကလည်းမရှိတော့ မိသားစုစားလောက်ရုံပေါ့။ "

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေကြောင့် ကောက်ပဲသီးနှံတွေကို ဒေသခံတွေက မသိုလှောင်နိုင်တော့သလို ထပ်စိုက်ဖို့လည်း အခြေအနေမပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အလုပ်လက်မဲ့နဲ့ဝင်ငွေမရှိသူပိုများလာပြီး လူငယ်တော်တော်များများက တိုက်ပွဲတွေအတွက် အချိန်ပေးနေရတယ်လို့ဆိုပါတယ်။ ဒေသခံအချင်းချင်း အပြန်အလှန်ကူညီပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ယင်းမာပင်ဒေသခံတယောက်က "စားဝတ်နေရေးတင်မက ကျန်မာရေးပါမကျန် ခက်ခဲကျပ်တည်းလာကြတယ်။ ကျေးလက်မြို့ပြမကျန်ခက်ခဲလာတဲ့အခြေအနေရှိတယ်ပေါ့ဗျာ။ အခြေခံလူသုံးကုန်ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ တကိုယ်ရေသုံးပစ္စည်းတွေ ဈေးတွေတက်လာတယ်။ အလုပ်အကိုင်ရှားလာတယ်။ ဝင်ငွေက နည်းပါးတယ်။ တောင်သူတွေမှာ ကောက်ပဲသီးနှံက ဈေးကောင်းမရတဲ့အခါမှာ ခက်ခဲမှုတွေကြုံတယ်။ ဆန်ဆီဆား ဆပ်ပြာကအစ နှစ်ဆနီးပါး တက်နေတဲ့အခြေအနေတွေကြုံရတယ်ပေါ့ဗျာ။ အရင်တုန်းက စားဆီ တစ်ပိဿာကို သုံးလေးထောင်ရှိတဲ့အခြေအနေကနေ ရှစ်ထောင်အထိဖြစ်နေတဲ့အခြေအနေကြုံနေရတယ်ဗျ။" 

စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ဘေး ပုသိမ်-မုံရွာလမ်းတစ်လျှောက် မြေနုကျွန်းတွေမှာ ဒေသခံတွေဟာ အရင်က စိုက်ပျိုးရေးလုပ်ငန်းတွေကိုအဓိကလုပ်ကိုင်ခဲ့ပေမဲ့ အခုနှစ်မှာ ဘယ်သူမှသွား မလုပ်ရဲကြဘူးလို့ ဒေသခံတွေကပြောပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ စပါး၊ မြေပဲ၊ နှမ်း၊ ပဲ၊ နေကြာ၊ ကြက်သွန်၊ ကွမ်း စတာတွေကို စိုက်ပျိုးပြီး ဒေသခံတွေဟာ စားဝတ်နေရေး လည်ပတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့တော်လှန်တိုက်ပွဲတွေကြောင့် နိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူ ၉ သိန်းကျော် အထိရှိလာပြီး အချိန်တိုအတွင်းမှာ အငတ်ဘေးကြုံလာနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024