DVB Logo
Home
မြန်မာသတင်း
ဇလပ်ကုန်းရွာနာရေးကို စစ်တပ်က ဝင်ပစ်သဖြင့် ရွာသား ၁ ဦး သေဆုံး၊ အလောင်းကို ကျပ် ၄ သိန်းဖြင့် ရွေးခိုင်း
DVB
·
April 30, 2022
ဇလပ်ကုန်းရွာနာရေးကို စစ်တပ်က ဝင်ပစ်သဖြင့် ရွာသား ၁ ဦး သေဆုံး၊ အလောင်းကို ကျပ် ၄ သိန်းဖြင့် ရွေးခိုင်း
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဇလပ်ကုန်းကျေးရွာကို ဧပြီ ၂၈ ရက် နေ့လယ် ၁ နာရီလောက် စစ်ကောင်စီတပ် အင်အား ၅၀‌ လောက်နဲ့ ရောက်ရှိလာပြီး ဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ရွာသားတဦး သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက ဇလပ်ကုန်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဖိုးစွန်း ဓားခုတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ တိုင်ကြားခံရတာကြောင့် ရှောင်နေရတဲ့ စွပ်စွဲခံရသူ ၆ ဦး ရှိခဲ့ပါတယ်။ 

သူတို့ထဲက တဦးရဲ့သား နာရေးရှိခဲ့တာကြောင့် အဲ့ဒီနာရေးကို ရှောင်တိမ်းနေသူတွေ ပြန်လာတယ်လို့ ယူဆပြီး စစ်ကောင်စီအဖွဲ့က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာပါ။ ဒီပစ်ခတ်မှုကြောင့် နာရေး အုတ်ဂူပိတ်ဖို့ လုပ်ကိုင်နေတဲ့ အသက် ၂၃ နှစ်အရွယ် ကိုနေစိုးသူ ​ကျည်ဆန် ၃ ချက်ထိမှန် သေဆုံးခဲ့တာပါ။

“အင်အား ၅၀ လောက်လောက်တော့ ရှိလိမ့်မယ်နဲ့ တူတယ်။ စစ်သားရော၊ ရဲရော၊ ပျူစောထီးရော။ သူတို့ ပစ်တာက သုသာန်မှာလည်း ပစ်တယ်။ အိမ်မှာလည်း ပစ်တယ်။ လမ်းမှာလည်းပစ်တယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။ 

“အုတ်ဂူပိတ်တာ အုတ်ခဲလေး ၄ ချပ်ပဲ ပိတ်ရသေးတယ်၊ ရောက်လာပြီး သေနတ်နဲ့ ပစ်တော့ ကလေးတွေဆိုတော့ ကြောက်အားနဲ့ ပြေးကြတာပေါ့။ သေနတ်မှန်တာက ၃ ချက်။ ပေါင်ရင်းမှန်တဲ့ အချက်က ဆီးခုံထိသွားပုံရတယ်။ ရွာမှာပဲ ဆုံးတာကို ဆေးရုံသယ်သွားတာ” လို့ ဒေသခံက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ရုပ်အလောင်းကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဆေးရုံကို သယ်သွားခဲ့ပြီး ငွေကျပ် ၄ သိန်းနဲ့ လာရွေးခိုင်းခဲ့ပါတယ်။ ငွေကြေးမတတ်နိုင်လို့ အလောင်းမထုတ်နိုင်ခဲ့တာကြောင့် မိသားစုမှ သင်္ဂြိုဟ်ခွင့်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် ဇလပ်ကုန်း ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး နာရေးလိုက်ပါပို့ပို့ဆောင်သူ ဇလပ်ကုန်းရွာသား နှစ်ဦးနဲ့ သိမ်တိုင်ရွာသား တဦးကိုလည်း မသင်္ကာလို့ဆိုကာ ဖမ်းဆီးသွားခဲ့ပါသေးတယ်။ 

ဒါ့အပြင် နာရေးအိမ်နဲ့ လမ်းမှာတွေ့တဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇလပ်ကုန်းရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ကားအပြန်မှာ မိုင်းဆွဲခံခဲ့ရတယ်လို့လည်း သိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013