DVB Logo
Home
မြန်မာသတင်း
နှစ်ပတ်အတွင်း လေပြင်းကြောင့် ရှမ်းမြောက်တွင် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဟု ကုလထုတ်ပြန်
DVB
·
April 29, 2022
နှစ်ပတ်အတွင်း လေပြင်းကြောင့် ရှမ်းမြောက်တွင် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဟု ကုလထုတ်ပြန်
Donate to DVB

လွန်ခဲ့တဲ့ နှစ်ပတ်တာကာလအတွင်း ပြည်နယ်အချို့၊ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေပြင်းတွေကျခဲ့လို့ အိမ်ခြေ ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေရဲ့ ကနဦးသတင်းတွေအရ သိရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲမှာပဲ သဘာဝဘေးအန္တရာယ်ကြောင့် ပဋိပက္ခဒဏ်သင့်သူတွေဟာ ပိုပြီးဒုက္ခရောက်ကြရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နောင်ချို၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီနဲ့ မူဆယ်မြို့နယ်တွေက ကျေးရွာပေါင်း ၂၂ ရွာမှာ အထက်တန်းကျောင်းတကျောင်းအပါအဝင် အိမ်ခြေ ၂၀၀ နီးပါးဟာ ဧပြီ ၁၃ ရက်ကနေ ၁၈ ရက်အတွင်း လေပြင်းဒဏ်ကြောင့် ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတာဝန်ရှိသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက လေဘေးသင့်အိမ်ထောင်စုတွေအတွက် ငွေကြေးနဲ့ အိမ်ထောင်စုသုံးပစ္စည်းတွေ ထောက်ပံ့ကူညီထားပြီးဖြစ်သလို တခြား လေဘေးသင့်ဒေသ တွေမှာလည်း ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ဖို့ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို အကဲဖြတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀ လောက်နဲ့ ဈေးဆိုင်တွေလည်း မိုးသက်လေပြင်းတွေကျလို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကာ အလားတူပဲ ရခိုင်ပြည်နယ်မှာလည်း လေပြင်းတိုက်ခတ်မှုတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အတွင်းက တိုက်ပွဲရှောင်နေသူတွေနေထိုင်ရာ အိမ်ခြေများစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပြီး ထိခိုက်မှုအတိုင်းအတာကို အသေးစိတ်သိရဖို့ မိတ်ဖက်အဖွဲ့အ စည်းတွေက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ လေဘေးသင့်မိသားစုတွေဟာ သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေနဲ့အတူ နေထိုင်နေကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၉ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၀,၀၀၀ ကျော် ပါဝင်နေကာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာတော့ နေရပ်စွန့်ခွာရသူဦးရေဟာ ပထမဆုံးအကြိမ်အဖြစ် လူ ၃ သိန်း ကျော်လာခဲ့ပြီလို့ ဆိုပါတယ်။

လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ အခက်အခဲတွေကြားက နေရပ်စွန့်ခွာလာရသူတွေနဲ့ လက်ခံရာ ရပ်ရွာခံလူထုတွေဆီ အရေးပေါ်အကူအညီပေးတာတွေကို တတ်နိုင်တဲ့နေရာတွေမှာ ဆက်လက် လုပ်ဆောင်နေကြောင်းနဲ့ အကူအညီပေးသူတွေဟာ ပဋိပက္ခဒဏ်သင့်ရာနေရာတွေဆီ ကူညီကယ်ပံ့ပိုးရေးပစ္စည်းတွေ သယ်ယူရာမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013