DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာလုပ်သား ရှားပါးမှုပြဿနာဖြင့် တွေ့ကြုံနေ
DVB
·
March 11, 2014
မြန်မာ့လယ်ယာလုပ်သား ရှားပါးမှုပြဿနာဖြင့် တွေ့ကြုံနေ
Donate to DVB

မြန်မာ့လယ်ယာလုပ်ငန်းခွင်မှာ လုပ်သားရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် အနာဂတ်မှာ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအပေါ် ထိခိုက်လာစေနိုင်တယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌက သတိပေး ပြောကြားလိုက်ပါတယ်။

လယ်ယာလုပ်ငန်းကနေ ရတဲ့ ၀င်ငွေနည်းမှုနဲ့ မြို့ပြကို သွားရောက် အလုပ်လုပ်ကိုင်မှုတွေ များလာတာကြောင့် မြန်မာ့လယ်ယာလုပ်ငန်းဟာ လက်ရှိမှာတော့ လယ်ယာလုပ်သား ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

rice farmer“လုပ်အားခ နည်းတော့ ဟိုတုန်းက မြို့ပြကို တက်တယ်၊ ဒီထက်ပိုဆိုးတာက ပြည်ပနိုင်ငံ ထွက်ခွာသွားတာပေါ့။ နိုင်ငံတော်သမ္မတကြီး လည်း ပြီးခဲ့တဲ့ မိန့်ခွန်းမှာ ပြောခဲ့တယ်၊ မကွေးတိုင်းမှာ ပြောခဲ့တယ်။ ပြည်ပထွက်တဲ့ အလုပ်သမားက အနည်းဆုံး ၃ သန်းနဲ့ ၄ သန်းကြား ရှိနေတယ်။ နောင် ဒီတိုင်း ထွက်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းပြည် လယ်ယာစိုက်ပျိုးရေးကို ထိခိုက်မယ့် အနေအထား ရှိတယ်။”

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် စက်မှုလယ်ယာစနစ်ကို အသွင်ကူးပြောင်းမယ်လို့ ကြွေးကြော်နေပေမယ့် လက်တွေ့မှာတော့ တောင်သူတွေဟာ ငွေကြေးအရင်းနှီး မရှိတာကြောင့် လယ်လုပ်သားတွေကိုပဲ မှီခိုအားထားရတဲ့ လက်မှုလယ်ယာစနစ်နဲ့ ဆက်သွားနေရတာ ဖြစ်ပါတယ်။

မကွေးတိုင်း ချောက်မြို့နယ် ကိုးစုကျေးရွာက ယာလုပ်ငန်းရှင် ဦးစံကျော်ဝင်းကတော့ ယာလုပ်ငန်းခွင်မှာ လုပ်သားရှားပါးမှုနဲ့ တွေ့ကြုံနေရတဲ့အတွက် ဒီပြဿနာကို ဘယ်လို ဖြေရှင်း ဆောင်ရွက်နေသလဲဆိုတာနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“အခုက ပုတ်ပြတ်စနစ်တွေ ပေးရတာ များလာတာပေါ့။ လူရှားပါးသွားတော့။ ဥပမာ တမနက်ကို လူတယောက် ၁၀၀၀ ဆိုရင် ပုတ်ပြတ်သမားတွေကျတော့ ပိုပေးရတယ်၊ ပိုထွက်သွားတယ်။ အလုပ်ချိန်ကို လူနည်းနည်းနဲ့ တိုးလုပ်သွားတာပေါ့။ အလုပ်သမားတွေကျတော့ လုပ်နိုင်တဲ့သူက လုပ်နိုင်သလောက် ပိုရတာပေါ့။ လုပ်နိုင်တဲ့အပေါ်မူတည်ပြီး ၀င်ငွေရှိသွားတာပေါ့။”

လယ်ယာလုပ်သား ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (အမ်အေပီစီအို) က ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းထဲက အနည်းဆုံး မြို့နယ် ၆ ခုလောက်မှာ စက်မှုလယ်ယာ ဖော်ဆောင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ အမြန်ဆုံးပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပါတယ်။

လယ်ယာမြေမှာ အလုပ်သမားရှားပါးမှုကြောင့် ဆန်စပါးထုတ်လုပ်မှုကို ဘယ်လောက် ထိခိုက်နိုင်တယ်ဆိုတာတော့ ခန့်မှန်းတွက်ချက်လို့ မရနိုင်သေးပါဘူး။ ဒါပေမယ့် ရေရှည်မှာ ဒါကို မကုစားနိုင်ရင်တော့ အနာဂတ်မှာ တိုင်းပြည်ရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာနိုင်ပြီး နောက်ဆိုရင် ကိုယ်စားဖို့အတွက် ကိုယ်တိုင်စိုက်ရမယ့် အခြေအနေမျိုးထိ ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ စက်ရုံနဲ့ အလုပ်ရုံတွေ စက်မှုဇုန်တွေ ပေါ်ပေါက်လာတာနဲ့အမျှ ကျေးလက်နေသူတွေ မြို့ကြီးတွေကို ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကြမှာ ဖြစ်တဲ့အတွက် လယ်ယာလုပ်သား ရှားပါးမှုနဲ့ ကြုံရမယ်လို့ ပြောပါတယ်။

ဒါကြောင့် လယ်ယာလုပ်သားတွေနေရာမှာ စက်နဲ့ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်းကြရမှာ ဖြစ်လို့ စက်မှုလယ်ယာစနစ်ကို မလွဲမသွေ ကူးပြောင်းကြရမယ်လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013