DVB Logo
Home
မြန်မာသတင်း
ပြည်သူများ မကြာမီ စားနပ်ရိက္ခာရှားပါးမှုဒဏ် ခံရနိုင်ဟု နိုင်ငံရေးကျွမ်းကျင်သူများ သုံးသပ်
DVB
·
April 28, 2022
ပြည်သူများ မကြာမီ စားနပ်ရိက္ခာရှားပါးမှုဒဏ် ခံရနိုင်ဟု နိုင်ငံရေးကျွမ်းကျင်သူများ သုံးသပ်
Donate to DVB

ပြည်တွင်းစိုက်ပျိုးရေးထွက်ကုန်တွေ မထုတ်နိုင်တော့သလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာကြောင့် မကြာမီ ပြည်သူတွေ စားနပ်ရိက္ခာရှားပါးမှုဒဏ်ကို အပြင်းအထန်ခံရနိုင်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာ စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ချောအဖြစ် မပြောင်းနိုင်တော့သလို နယ်စပ်ကုန်သွယ်ရေးဂိတ်တွေလည်း ကုန်စည်စီးဆင်းမှုရပ်ဆိုင်းနေတာပါ။ 

အခြေခံလူတန်းစားတွေ အဓိကစားသုံးတဲ့ စားအုန်းဆီကို အဓိကထုတ်လုပ်ရာ အင်ဒိုနီးရှားနိုင်ငံကလည်း ဈေးကွက်ကမောက်ကမဖြစ်တာတွေကြောင့် ဧပြီ ၂၂ရက်နေ့မှာ ပြည်ပတင်ပို့မှုရပ်ဆိုင်းထားပါတယ်။ 

ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လောင်စာဆီဈေးတွေ အဆမတန်တက်နေသလို စစ်ကောင်စီဆီမှာ နိုင်ငံတကာငွေကြေးပုံမှန်မလည်ပတ်တော့တာကြောင့် ပြည်ပသွင်းကုန်တွေကို တင်သွင်းတဲ့နေရာမှာလည်း လုပ်ငန်းရှင်တွေဟာ အကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးစာရေးဆရာတဦးက "စားအုန်းဆီကိစ္စ၊ နယ်စပ်လမ်းကြောင်းတွေပိတ်တဲ့ကိစ္စ၊ စွမ်းအင်ဓာတ်ဆီပြဿနာတွေ၊ ဒေါ်လာငွေနဲ့ပတ်သက်ပြီး စကစ က အကျပ်အတည်းမျိုးစုံတွေ့နေရတယ်။ မြန်မာပြည်ရဲ့အခြေအနေဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်စုံကနေ ချုံးချုံးကျဖြစ်လာနေတဲ့အခြေအနေရဲ့ အစဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်သူ ၁၄ သန်းလောက် အစာငတ်ဒုက္ခဖြစ်နိုင်စရာရှိပါတယ်။ သွားရေးလာရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် ဒုက္ခသည်ပေါင်း မူလက ၅ သိန်းလောက်ရှိတာကနေ အခု ၉ သိန်းအထိဖြစ်လာပါတယ်။ မကြာခင် အစာငတ် ဆေးပြတ် ဒုက္ခရောက်မယ့် အခြေအနေဖြစ်လာပါတယ်။"

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နောက်ထပ်စိုက်ပျိုးရာသီအတွက် မစိုက်ပျိုးနိုင်တော့သလို အရင်နှစ်ထွက်ကုန်တွေဟာလည်း ဖျက်ဆီးခံရတာ၊ မတန်တဆဈေးနဲ့ ရောင်းချခဲ့ရတာတွေနဲ့ ပြည်သူတွေကြုံတွေ့ခဲ့ရပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့အဓိကထွက်ကုန် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနဲ့ ဆန်စပါးတို့ကို လာမယ့်နှစ်ကြရင် ဒေသတွင်း ပြည်သူတွေအတွက်တောင် လုံလောက်အောင်ထုတ်လုပ်နိုင်ဖို့ မရှိတော့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။ 

တိုက်ပွဲတွေကြောင့် စိုက်ပျိုးလို့မရသလို စိုက်ထားတဲ့ ပျိုးခင်းတွေကလည်း မစောင့်ရှောက်နိုင်ဘဲ ပျက်စီးကုန်တာကြောင့် အခုလိုအခြေအနေဖြစ်လာတာလို့ စစ်ကိုင်းဒေသခံတဦးက ပြောပါတယ်။

“စားသုံးဆီဈေးတွေ၊ ဆန်ဈေးတွေက အကုန်တက်တယ်။ ပုံမှန်ထက် ၂ ဆလောက်တော့မဟုတ်ဘူး။ တက်တာတော့တက်တယ်။ တခြားမြို့တွေထက်တော့ပိုတက်တယ်။ ဓာတ်ဆီဈေးပဲဆိုပါတော့ သူများမြို့တွေမှာ ၁၀,၀၀၀ လောက်ပဲထားပါတယ်။ ဒီမှာ ၁၅,၀၀၀ လောက်အထိတက်တယ်။ မြေပဲခင်းတွေက စိုက်တာတော့စိုက်တယ်။ ဒါပေမယ့်ပြေးရင်းလွှားရင်းနဲ့ နင်းခြေကြတာတွေလည်းရှိမှာပဲလေ။ အဲ့ဒီတော့ပျက်စီးမှာပေါ့။ စပါးတွေဆိုလည်း မီးရှို့မှာကြောက်တော့ ရောင်းရတာလေ။ အရင်ကလို ဖောဖောသီသီ မရှိတော့ဘူး။ တချို့ဆို ဝယ်စားရတာမျိုးရှိတယ်။ စပါးတွေလည်း အိမ်မှာမထားရဲတော့ဘူး။ စားလောက်ရုံတောင်မရှိတော့ဘူး။"

အင်ဒိုနီးရှား နဲ့ မလေးရှားကထွက်တဲ့ စားအုန်းဆီတွေကို မြဝတီ- မဲဆောက် ထိုင်းနယ်စပ်ဂိတ်တွေကနေ မြန်မာပြည်ထဲကို ကုန်သည်တွေက တင်သွင်းနေတာဖြစ်ပြီး မြန်မာပြည်တွင်းရေး မတည်ငြိမ်တာနဲ့ ကိုဗစ်ပြဿနာတွေကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းနေတယ်လို့ မဲဆောက်မြို့ခံတွေက ပြောပါတယ်။ 

၂၀၂၀ ဧပြီလကတည်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်ဘက်က ပိတ်လိုက်ဖွင့်လိုက်လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာ ဂိတ်ပေါက်တခုတည်းကိုပဲ ဖွင့်ပေးခဲ့ပါတယ်။ 

မြန်မာဘက်က ပို့ကုန် ၇ မျိုးကို မတ်လ ၁၅ ရက်နေ့မှာ ထပ်မံပိတ်ပင်ခဲ့ပြီး ကိုဗစ်ရောဂါကြောင့်ပိတ်တာလို့ တရုတ်အစိုးရက အကြောင်းပြပါတယ်။ မူဆယ်လမ်းကြောင်းဟာ မြန်မာပြည်ဘက်ကဆန်တွေကို အဓိကတင်ပို့ခဲ့တဲ့ လမ်းကြောင်းလည်းဖြစ်ပါတယ်။ တရုတ်ပြည်မှာနေထိုင်တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ယောက်ကတော့ တရုတ်ပြည်မှာ ကိုဗစ်ပြဿနာဟာ အမှန်တကယ်ဆိုးရွားနေတာလို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက "တရုတ်ပြည်မှာ သူ့ရောဂါအခြေအနေတွေ ကောင်းရင် တဖြည်းဖြည်းပြန်လျှော့မယ်ထင်တယ်။ ရွှေလီကိုတောင်နည်းနည်းလျှော့နေပြီ။ ပြည်တွင်းမှာ အခြေအနေတော်တော်ပြန်ထလာတယ်လေ။ ရှန်ဟိုင်းတို့ မနေ့ကဆို ပေကျင်းမှာလည်း ပြန်ထနေတော့ ဒီဘက်ကို နည်းနည်းအာရုံစိုက်ပြီးတော့ ရွှေလီတို့ဘက်ကို ပြန်ဖွင့်ပေးမယ်ထင်တယ်။ ရှန်ဟိုင်းဆို တော်တော်ပြဿနာတက်တယ်လေ။ ရှန်ဟိုင်း မြို့ကြီးဖြစ်တာကိုး။ လူပေါင်းက ၂၃ သန်းလောက်ရှိတယ်။ ပြည်တွင်းမှာကို သူတို့တော်တော်ပြဿနာတက်နေတာ။ ရွှေလီကဖြစ်တာနည်းလာတော့ တဖြည်းဖြည်း လျှော့ပေးနေတယ်ထင်တယ်။ ဒီဘက်ကသွားတဲ့သူတွေကို ဖွင့်ပေးနေတယ်။ ကာကွယ်ဆေးတွေ ဘာတွေထိုးထားရင်တော့ ဖွင့်ပေးတယ်။ ရွှေလီတို့ မန်စီတို့ကို သွားလို့လာလို့ရတယ်။" 

မြန်မာနိုင်ငံမှာ အခြေခံပြည်သူတွေ အဓိကထားစားသုံးတဲ့ စားအုန်းဆီကို အရင်က တနှစ်ကို တန်ချိန် ၈ သိန်းနီးပါး တင်သွင်းခဲ့ရပါတယ်။ ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ရေနံဈေးတက်လာတာကြောင့် ကမ္ဘာ့ရွှေနဲ့ ဒေါ်လာဈေးကွက်လည်းကမောက်ကမဖြစ်ကုန်ပြီး အခန့်မသင့်ရင် တကမ္ဘာလုံးအတိုင်းအတာ နဲ့ စီးပွားရေးကျပ်တည်းမှုတွေဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်းရှိတဲ့အထဲက ၂၅ သန်းလောက်ဟာ ဒီနှစ်အစပိုင်းကစလို့ ဆင်းရဲငတ်မွတ်တဲ့ဘေးကို ကြုံရလိမ့်မယ်လို့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် (UNDP)က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013