DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌကို ဖမ်းဆီးတရားစွဲထားသော်လည်း ငွေအပ်နှံသူများ မစိုးရိမ်ရန် စစ်ကောင်စီဗဟိုဘဏ် ထုတ်ပြန်
DVB
·
April 28, 2022
မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌကို ဖမ်းဆီးတရားစွဲထားသော်လည်း ငွေအပ်နှံသူများ မစိုးရိမ်ရန် စစ်ကောင်စီဗဟိုဘဏ် ထုတ်ပြန်
Donate to DVB

မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ ငွေကြေးလွယ်ကူမှု အခြေအနေနဲ့ အပ်ငွေ အသွင်းအထုတ် အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ပါက ငွေကြေးပံ့ပိုးပေးဖို့ (Liquidity support) တွေ ပေးအပ်နေတာကြောင့် ငွေအပ်နှံသူ (Depositors) အနေနဲ့ စိုးရိမ်ပူပန်စရာမရှိဘဲ စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုတွေကို ပုံမှန်ရယူ သုံးစွဲနိုင်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က အသိပေး ထုတ်ပြန်ပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်နဲ့ အမှုဆောင်အရာရှိချုပ်တို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုလိုက်တဲ့အတွက် အဆိုပါဘဏ်မှာ ငွေအပ်နှံထားတဲ့ ပြည်သူတွေအကြား စိုးရိမ်မှု ရှိနေကြတာပါ။

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်နဲ့ သူ့ရဲ့သားဖြစ်တဲ့ ဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဝင်းမင်းခိုင်တို့နဲ့အတူ NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း အပါအဝင် လူပုဂ္ဂိုလ် ၇ ဦးတို့ကို စစ်ကောင်စီက အဂတိမှုနဲ့ အမှုဖွင့်ပြီး အရေးယူထားပါတယ်။

အမှုဖွင့် အရေးယူတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ပါ ဖော်ပြချက်အရ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအတွက် စာချုပ်ချုပ်ဆိုရာမှာ နိုင်ငံအတွက် နစ်နာမှု ရှိခဲ့တာကြောင့်လို့ ဆိုကာ စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်အား အဂတိပုဒ်မ ၅၅/၆၃ နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်ကောင်စီဘက်က အခုလို စွဲဆိုထားပေမဲ့ သူပိုင်ဆိုင်တဲ့ ဘဏ်လုပ်ငန်းအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာ သုတေသီတွေကလည်း ဆိုပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးက “ကျနော်မြင်တာကတော့ ဘဏ်ပေါ်မှာ သက်ရောက်မှု မရှိနိုင်ဘူး။ ဘာလို့လဲဆို သူက လူအပေါ် တရားစွဲဆိုတာကြောင့်ပါ။ ဘယ်ဟာမျိုးက ဘဏ်အပေါ် သက်ရောက်မှုရှိလဲဆိုရင် ဘဏ်နဲ့ပတ်သက်ပြီး အမိန့်ကြော်ငြာစာတွေနဲ့ အရေးယူတဲ့ ကိစ္စမျိုးဆိုရင်တော့ ဘဏ်အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ အခုဟာ တီကျစ်က ကျောက်မီးသွေးတူးဖော်မှုကိစ္စနဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ်အပေါ် တရားစွဲဆိုတာဖြစ်လို့ ဘဏ်အပေါ် သက်ရောက်မှု မရှိနိုင်ဘူး။ ပြီးတော့ လူစားထိုးခန့်ရတဲ့ သဘောကတော့ ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းအရ ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးကို ခေါ်ပြီးတော့ သူ့နေရာမှာ အစားထိုး ခန့်အပ်ရတာပါ။ ဘာကြောင့်လဲဆို အမှုရင်ဆိုင်နေရတဲ့သူက လုပ်ငန်းသဘောအရ အလုပ်လုပ်လို့ မရဘူးလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦးကလည်း “ငွေရေးကြေးရေးကဏ္ဍဆိုတာက ထိလွယ် ရှလွယ်တယ်လေနော်။ ကျနော်တို့ ပြည်သူတွေကလည်း များသောအားဖြင့်က အလွန်အမင်း စိုးရိမ်မှုက ရှိကြတယ်လေ။ ဒါကြောင့် ဗဟိုဘဏ်အနေနဲ့ သူရဲ့တာဝန်တွေထဲမှာ ပါရှိတဲ့ ငွေရေး ကြေးရေး ဈေးကွက်ကို ထိန်းကျောင်းရမယ်။ ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင် ကာကွယ်ရမယ်ဆိုတဲ့ အချက်ပါရှိတာကြောင့် အခုလို ဝင်ပြီး ပြောပေးတာပါ။ ပြီးတော့ မြန်မာနိုင်ငံမှာ အာရှဓနဘဏ် ဖျက်သိမ်းခဲ့တုန်းကတောင် အဲ့ဘဏ်မှာ ငွေအပ်နှံထားတဲ့ depositors တွေရဲ့ ငွေတွေ အကုန်လုံးကို ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုနဲ့ တပြားမကျန် အားလုံး ပြန်ပေးနိုင်ခဲ့တာ ရှိပါတယ်။ ဒါကြောင့် အလွန်အမင်း မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတာကြောင့် သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုကို ရပ်ဆိုင်းပြီး သူတို့နေရာမှာ အစားထိုး ပြောင်းလဲခန့်အပ်ဖို့ တင်ပြလာတဲ့အပေါ် ဧပြီ ၂၇ ရက်က အတည်ပြုထားပြီး ဖြစ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အခုလို ကြေညာနေပေမဲ့ နိုင်ငံတဝန်းမှာတော့ စစ်ကောင်စီတပ်တွေက အန်အယ်လ်ဒီနဲ့ ဆက်နွှယ်ပတ်သက် ထောက်ခံသူတွေ၊ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်တွေမီးရှို့၊ ပိုင်ဆိုင်မှုတွေကို ခိုးယူ လုယက် ၊ နေအိမ်တွေကို ချိပ်ပိတ် သိမ်းယူနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013