
နွေဦးကား ကြွပ်ရွနေလေ၏။ သစ်ရိပ် ဝါးရိပ်၊ တောရိပ် တောင်ရိပ်၊ ချောင်းရိပ် မြောင်းရိပ်တို့ ဝန်းကျင်တွင် ရောက်နေ၍သာ တော်တော့သည်။ သို့မဟုတ်လျှင်ကား လူစင်စစ်ကနေ နံပြားဖိုထဲက နံပြားလို ပူပြီး ပြားကာ အရည်ကြည် အဖုတွေ အပိန့်တွေ တကိုယ်လုံး နေရာအနှံ့ ထွက်နေပေလိမ့်မည်။
အဘစောမူးသာက “ကြွခဲ့ပါအုံး” ဟု မှာလိုက်၏။ ဟိုးဘက်ရွာက စောဆာကီးလား ရောက်နေတယ်လို့လည်း ပြောတယ်ခင်ဗျ။ အဲသည်ရွာဘက်မှာ နေတုန်းက ဆာကီးလားက ကျနော့်ကို ‘အာဝါဒေးတွေ ဘာညာသာရကာ ဒေးတွေ’ လုပ်တဲ့နေရာတွေကို ဗဟုသုတရအောင် လိုက်ပို့ဖူးတယ်လေ။ သူနဲ့လည်း မတွေ့တာ ကြာပေါ့။
အဘစောမူးသာတို့က ခြံဝိုင်းထဲက အရွက်နုတွေ ထွက်နေတဲ့ မန်ကျည်းပင်အိုကြီးအောက်က သစ်သားကွပ်ပျစ်ကြီးပေါ်ကနေ လက်လှမ်းပြတယ်။ အဲသည်နေရာက တော်တော်လေးကို အပူလျော့ပါးတဲ့ နေရာလေးပါ။ အေးတယ်လို့ ပြောရမယ်။
“ကိုဖေကြီးရေ မတွေ့တာ ကြာပြီနော်”
“နေကောင်းကြတယ် မဟုတ်လား ဆာကီးလားတို့”
“ကဲကဲကဲ . . ‘သတိုး သီရိ သုဓမ္မ ဖေကြီး’ နဲ့ ‘သတိုး မဟာသရေ စည်သူဆာကီးလား’ တို့ ရေနွေးကြမ်းလေး ဘာလေး သောက်တော်မူကြပါအုံးဗျား . . . ဟားဟား ဟားဟား ဟားဟား . . .”
အဘစောမူးသာကတော့ အဲသည် ‘သတိုး သီရိ သုဓမ္မ’ နဲ့ ‘သတိုး မဟာသရေ စည်သူ’ ကို တော်တော်လေး ခံတွင်းတွေ့နေပုံပါပဲ ခင်ဗျ။ သူလုပ်မှပဲ ဖေကြီးတို့တွေလည်း ချေးပေါ သေးပေါ ဘွဲ့တွေ ရကုန်တော့တယ်ဗျို့။
“‘သတိုး သီရိ သုဓမ္မ ဆာကီးလား’ ရေ… လက်ဖက်သုပ်ကလေး မြည်းလိုက်ပါအုံး”
“မြည်းပါ့မယ် ‘သတိုး မဟာ သရေ စည်သူ ဖေကြီး’ ခင်ဗျား”
“ဟားဟား ဟားဟား ဟားဟား . . .”
မန်ကျည်းရိပ်အောက်က အပူလျော့ပါး ‘သူခိုး ပီဘိ လုဓားပြ သူခိုး ငနာ ဂလေ ညှီသူ’ စကားဝိုင်းကား ရင်တွင်းသောကတွေကို ခေတ္တခဏ ကွယ်ပျောက်သွားစေတာကတော့ အမှန်ပေါ့ခင်ဗျာ။
မဆုံတာကြာပြီဖြစ်တဲ့ စောဆာကီးလားနဲ့လည်း စကားတွေအများကြီး ပြောဖြစ်ပါတယ်။ အဘစောမူးသာကလည်း ကြုံရင်ကြုံသလို ဝင်ဝင် ‘သော’ လို့ ရယ်ရ မောရ အစာကြေ ရင်ချောင်ရပါတယ် ခင်ဗျ။
ဆာကီးလားက သူတို့ရွာတွေဘက်မှာ နေရင်းထိုင်ရင်း သူခိုးသူဝှက်တွေ သိပ်ကိုများလာကြောင်း ပြောပါတယ်။ တခါတလေကျ လူပြတ်ချိန်တွေမှာ လူကိုရိုက်ပြီး ဆိုင်ကယ်လုတာတွေ ဘာတွေတောင်မှ ဖြစ်နေတယ် ဆိုပါတယ်။
အဆင်ချောနေတဲ့ခေတ် အခြေအနေကို အတင်းအဓမ္မ အဖျက်ဆီးခံလိုက်ရတဲ့အခါ ဒီလို ဘေးထွက်ဆိုးကျိုးတွေ နေရာတိုင်းမှာ ပေါ်လာမှာပဲလို့ အဘစောမူးသာက သုံးသပ်ပါသဗျ။
“အခုတော့ ‘ပြည်သူလူထု’ တင် ‘ထိခိုက်’တာ မဟုတ်တော့ဘူး၊ အာဏာသိမ်းတဲ့ လူ့တိရစ္ဆာန်တွေကိုပါ ‘တန်ပြန် ထိခိုက်’ နေပြီလကွ . . .”
၈၈ အာဏာသိမ်းတုန်းက ‘ပြည်သူလူထု’ သာ ထိခိုက်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စုကတော့ နေ့ချင်းညချင်းကြီး ချမ်းသာကြွယ်ဝသွားကြတာပေါ့ကွာတဲ့။ ‘စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ’ ဆိုပြီး သီချင်းလေးတောင်မှ တညည်းညည်းနဲ့ ဒူးနှန့်လို့ပါတဲ့ ခင်ဗျ။
အဲသည်တုန်းက ကျောင်းသားတွေ တောခိုပြီး ကျောင်းသားတပ်မတော် ABSDF ကိုဖွဲ့ကာ ဖက်ဆစ် နဝတကို တော်လှန်တိုက်ခိုက်ခဲ့ပါသတဲ့။ ဒါပေမဲ့ နဝတက မဖြုံခဲ့ဘူးလို့ ဆိုပါတယ်။
အခုကျတော့ နိုင်ငံအနှံ့ နေရာအနှံ့ မြို့ရွာထောင်သောင်းအနှံ့မှာ ‘ပြည်သူ့ကာကွယ်ရေးတပ်’ တွေဖြစ်တဲ့ PDF (People Defence Force) တွေ ဖွဲ့လိုက်ကြတာ တပ်ရင်းပေါင်းများစွာ၊ တပ်ဖွဲ့ပေါင်းများစွာ၊ တပ်သားပေါင်းများစွာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့တဲ့ ခင်ဗျာ။
တပ်တွေဖွဲ့တာပြုတာ အခြေခံစစ်ရေးပြတွေ လေ့ကျင့်ကြတာ၊ လက်နက်ကိုင်ပုံကိုင်နည်းတွေ သင်ကြားကြတာ၊ လက်တွေ့ပစ်ခတ်မှုတွေ လေ့ကျင့်ကြတာ ဆယ်လလောက်ပဲရှိတဲ့ အချိန်တိုကလေးအတွင်းမှာတင် ဖက်ဆစ်ငပုတပ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ကြတာ အံ့သြအားရဖွယ်ရာပဲကွလို့ အဘ စောမူးသာက ပြောပါသဗျ။
“ဒီနှစ်လည်း ငှက်ပျောတောင်သူတွေ စီးပွားထပ်ဖြစ်အုံးမယ့် နှစ်ကွ”
“ငှက်ပျောသီးတွေ အိက်စ်ပို့ အဝယ်လိုက်လို့လား အဘ”
“ဟားဟား ဟားဟား ဟားဟား . . . မြို့တိုင်း ရွာတိုင်းက ဖက်ဆစ်ငပုတပ်တွေက ‘မုန့်ဟင်းခါး’ ချက်ဖို့ ငှက်ပျောပင်တွေ နေ့စဉ်လိုလို လာလာဝယ်ကြလို့ကွ ဖေကြီးရ”
“ဟားဟား ဟားဟား ဟားဟား”
တပ်တိုင်း တပ်တိုင်းမှာ 'မြေသြဇာ’ တွေ အကြီးအကျယ်ကို ထုတ်လုပ်နေပြီး မုန့်ဟင်းခါးတွေလည်း ဟောတအိမ် ဟောတအိမ် နေ့စဉ်ရက်ဆက် အပြိုင်ကို ချက်နေကြရကြောင်း အဘက ပြောပါသဗျ။
တနေ့ တနေ့ကို ဖက်ဆစ်ငပုတပ်သားတွေ အနည်းဆုံး ငါးဆယ်လောက် ဖက်ဆစ်ငပုအတွက် အားရပါးရ အသက်ပေးလှူနေကြတယ်တဲ့ခင်ဗျ။ ရှေ့တန်းအပို့ခံရတဲ့ ဖက်ဆစ်ငပုတပ်သား အတော်များများလည်း အခွင့်သာတာနဲ့ CDM လုပ်ပြီး PDF တွေနဲ့ ပြည်သူတွေထံ အပြေးအလွှား ခိုဝင်နေကြပါသတဲ့။
တချို့တပ်က အရာရှိတွေဆို CDM လုပ်ပြီး PDF တွေနဲ့ ပူးပေါင်းပြီး ဖက်ဆစ်ငပုကောင်ရဲ့ ဖက်ဆစ်တပ်တွေကို အမြောက်တွေနဲ့ ကိုယ်တိုင်ပါဝင် ‘ထု’ နေပါပြီတဲ့။ ‘ဆော်’ နေပါပြီတဲ့။ ‘တီး’ နေပါပြီတဲ့။ ‘အုပ်’ နေပါပြီတဲ့။
‘တပ်သားသစ်’ တွေလည်း စုမရ၊ DSA ဗိုလ်သင်တန်းလည်း လျှောက်ထားမယ့်သူ မရှိသလောက်ကို ‘တပ်ပျက်’ နေတာလို့ ပြောပါတယ်။ ရှိတဲ့ ဖက်ဆစ်စစ်သားတွေကလည်း မလောက်ငှတော့ ပင်စင်စား စစ်သားအိုကြီးတွေကို ရတဲ့နည်းပေါင်းစုံနဲ့ စည်းရုံးပြီး ရှေ့တန်းလွှတ်နေရတဲ့ အခြေအနေပါတဲ့ ခင်ဗျ။
“အာဏာရူး ခေါင်းရှောင်တွေရဲ့ နောက်ဆုံးနေ့တွေပေါ့ကွာ”
"ဟုတ်ကဲ့ အဘ”
“အေးကွ . . ရှေတန်းထွက်ဖို့ ကြောက်နေကြပြီ၊ ရှေ့တန်းထွက်ရဲတဲ့ကောင်တွေ မရှိတော့ဘူးဟ”
“ဒီလိုဆို မအလကြီး ဘယ်လိုလုပ်မလဲ”
“အိမ်း . . . သူ့ခေါင်းထဲမှာ ကူလီကူမာ အကြံဆိုးဉာဏ်ဆိုးတွေတော့ ရှိတတ်တယ်ဟ။ သူ့ကောင်တွေ ရှေ့တန်းထွက်ချင်အောင် ‘အစာ’ နဲ့ပဲ မျှားလိမ့်မယ် ထင်တယ်ကွ”
“ဘယ်လိုမျိုး ‘အစာ’ နဲ့ မျှားမှာလဲ အဘ”
“သူလုပ်နေကျ ‘ဘွဲ့ထူး ဂုဏ်ထူး’ ဆိုတဲ့ ‘အစာ’ တွေနဲ့ပဲ မျှားမှာပါ့ကွာ”
“ဒါဆို ဖက်ဆစ်ငပုက သူ့ကောင်တွေကို ဘယ်လိုအစာတွေပြ ပြီးတော့များ ရှေ့တန်းမသွား သွားချင်အောင် စည်းရုံးမလဲ”
“ဟဲဟဲ ဟဲဟဲ . . . ရှေ့တန်းထွက်မယ့်ကောင်မှန်သမျှ ပြန်လာရင် ‘သူရဘွဲ့’ တွေ ပေးမယ်တို့ ‘သီဟသူရဘွဲ့’ တွေ ချီးမြှင့်မယ်တို့ လုပ်မှာပေါ့ဗျား . . ဟားဟား ဟားဟား ဟားဟား”
“ဘုရား ဘုရား ဘုရား”
ဖေကြီး (လေရှီး)