DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနများ မီဒီယာနှင့် ဆက်ဆံမှု အားနည်းဟု ပြန်ကြားရေး ဒုဝန်ကြီး ဝေဖန်
DVB
·
March 10, 2014
ဝန်ကြီးဌာနများ မီဒီယာနှင့် ဆက်ဆံမှု အားနည်းဟု ပြန်ကြားရေး ဒုဝန်ကြီး ဝေဖန်
1 / 2
Donate to DVB

အစိုးရ ၀န်ကြီးဌာနတွေအနေနဲ့ သတင်းထုတ်ပြန်ရေးမှာ အားနည်းနေသလို မြန်မာ စာနယ်ဇင်း သမားတွေအနေနဲ့လည်း  စာနယ်ဇင်း အတတ်ပညာနဲ့ ကျင့်ဝတ်တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်လို့ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက  ပြောကြားလိုက်ပါတယ်။

[caption id="attachment_53030" align="alignright" width="300"]1796480_672021379503032_1335070480_n ဦးရဲထွဋ်[/caption]

လွတ်လပ်တဲ့ စာနယ်ဇင်းတွေရဲ့ စိန်ခေါ်မှု ခေါင်းစဉ်နဲ့  ရန်ကုန်မှာ ဒီနေ့ကျင်းပတဲ့  အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံမှာ  ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က အခုလို ပြောဆိုလိုက်တာပါ။

အစိုးရသစ် လက်ထက်မီဒီယာပြုပြင်ပြောင်းလဲရေးမှာ ရခဲ့တဲ့ အောင်မြင်မှုနဲ့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားအောင် လုပ်နိုင်ဖို့ အချက်တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ပထမတခုက အစိုးရ၀န်ကြီးဌာနတွေအနေနဲ့ သတင်းထုတ်ပြန်ရေးအပိုင်းမှာ အားနည်းနေတယ်။ အဲကိစ္စ ကျနော် ပြောပါတယ်။ နှစ်က စာနယ်ဇင်းသမားတွေရဲ့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျင့်ဝတ်အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုတဲ့ကိစ္စကို ပြောပါတယ်။ နံပါတ်သုံးက စာနယ်ဇင်းအတတ်ပညာလမ်းကြောင်းတွေ မရှိသေးတဲ့ကိစ္စ။ နံပါတ်လေးက မြန်မာနိုင်ငံရဲ့ မီဒီယာ ၉၉ ရာခိုင်နှုန်းက ရန်ကုန်မှာပဲ လာစုနေတဲ့အတွက် လူနည်းစု၊ ကျေးလက်ဒေသကိစ္စတွေ တင်ပြနိုင်ဖို့ကိစ္စတွေ ဆုံးရှုံးနေတဲ့အတွက်ကြောင့် ဒေသန္တရသတင်းစာတွေ၊ တိုင်းရင်းသားဘာသာနဲ့ထုတ်တဲ့ မီဒီယာတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ လိုသေးတယ်ဆိုတဲ့အချက်၊ ဒီလေးချက်ကို ပြောပါတယ်။”

မြန်မာပြည်အကြောင်း ပြင်ပက သတင်းရေးသားခြင်း၊ မြန်မာနှင့် အရှေ့တောင် အာရှ နိုင်ငံတွေမှာ တရားဥပဒေ စိုးမိုးမှုဖွံ့ဖြိုးရေး အမေရိကန်စစ်တပ်ရဲ့ ဒေသတွင်း အကျိုးသက်ရောက်မှု စတဲ့ ခေါင်းစဉ်တွေကိုလည်း ဒီညီလာခံမှာ ဆွေးနွေးနေပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဒေသတွင်းမှာ ပတ်ဝန်းကျင်နဲ့ မီဒီယာခေါင်းစဉ် အပါအ၀င် တခြားသတင်းရေးနည်း အတတ်ပညာဆိုင်ရာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပိတ်ဆို့ထားစဉ်က သတင်းတွေ ရယူခဲ့ရပုံနဲ့ ဆင်ဆာစနစ်မရှိတော့ပေမယ့် စိန်ခေါ်မှုတွေကို ပိုရင်ဆိုင်နေရတဲ့အကြောင်း ညီလာခံ တက်ရောက်ခဲ့တဲ့ ၀ါရင့်သတင်းစာဆရာ ဘာတေလ်းလင့်တနာက ပြောပါတယ်။

1620498_672021386169698_19512946_n“မြန်မာနိုင်ငံမှာ မီဒီယာတွေကို ၁၉၆၃ တုန်းကလို နောက်ပြန်ဆွဲဖို့ မလွယ်ပါဘူး ခုချိန်မှာ ဆင်ဆာမရှိတော့ပါဘူး စင်ကာပူကလို ကျင့်သုံးနေသလို လုပ်နေတာပါ။ အချင်းချင်းထိန်းညှိတာမျိုးပေါ့။ တခုစိုးရိမ်စရာတော့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် အလွဲသုံးစားလုပ်နေတဲ့သူတွေအကြောင်းရေးတဲ့သူတွေကို ဖမ်းဆီးအရေးယူတာမျိုးတွေ တွေ့နေရပါတယ်။ ဒါဟာဆင်ဆာရှိနေတာထက်ပိုပြီးခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။”

ဒီညီလာခံကို မြန်မာနိုင်ငံမှာ ခုလို  ပထမဆုံးအကြိမ် လက်ခံ ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာမီဒီယာလောကအပေါ် အကျိုးကျေးဇူး ဖြစ်ထွန်းစေတယ်လို့ စာနယ်ဇင်းကောင်စီ ယာယီက ဦးဇော်သက်ထွေးက ပြောပါတယ်။

“ဘယ်လိုညီလာခံမဆို လုပ်တယ်ဆိုတာက သူတို့ပတ်သက်တဲ့ လူမှုအဖွဲ့အစည်း၊ သူတို့နဲ့ ပတ်သက်တဲ့ နယ်ပယ်ကို တိုးတက်ဖို့အတွက် ရည်ရွယ်ပြီးလုပ်တဲ့ ညီလာခံတွေချည်းပဲ။ ဒါကြောင့်မို့ ဒီလိုမျိုးတွေ ခဏခဏ လုပ်ပေးရင်တော့ တိုးတက်မှု တစုံတရာ ရှိတယ်၊ ဒီလိုမျိုးလုပ်လာတဲ့ ရိုက်ခတ်မှုတွေကလည်း မီဒီယာနယ်ပယ်ကို အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ဒါကတော့ ရှင်းရှင်းလင်းလင်း တွေ့မြင်ရတယ်။”

ညီလာခံ အကြို မတ်လ ၉ ရက်နေ့ "စု"ဖောင်ဒေးရှင်း စတင်ခြင်း အခမ်းအနားမှာတော့  ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စာနယ်ဇင်း လွတ်လပ်ခွင့် ပိုရခဲ့တာဟာ အကြီးမားဆုံး ပြောင်းလဲမှုတခုဖြစ်တယ်လို့ မီဒီယာလွတ်လပ်မှုနဲ့ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“လူတွေက လွတ်လပ်မှုအကြောင်း ပြောတဲ့အခါမှာ နိုင်ငံရေးအသိပညာအရ လွတ်လပ်မှုဟာ တာဝန်ယူမှုနဲ့ ခွဲခြားလို့မရဘူးဆိုတာကို အမြဲပြောခဲ့ပါတယ်။  ပိုပြီးလွတ်လပ်တဲ့အကြောင်း ပြောလေလေ ပိုပြီး တာဝန်ယူမှု ရှိတဲ့ အကြောင်း ပြောရလေလေပါ။ ဒါဟာလည်း မီဒီယာအပေါ် သက်ရောက်ပါတယ်။ ပိုပြီးလွတ်လပ်မှုက ပိုပြီး တာဝန်ယူမှုကို တောင်းဆိုပါတယ်။ ဒီလွတ်လပ်မှုကို မတော်တရော် အသုံးချလို့မရပါဘူး။ ကျမတို့ အများစုကလည်း စာနယ်ဇင်းလွတ်လပ်မှု ဘယ်လောက် အရေးပါသလဲ ဆိုတာကို သိပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းသာ မရှိရင် ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ချနိုင်မှာ မဟုတ်ပါဘူး။”

ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်မရှိသေးဘူးလို့လည်း သူက ထည့်သွင်း ပြောဆိုသွားပါတယ်။

အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးစီးကျင်းပတဲ့ ဒီညီလာခံကို မတ်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ  ရန်ကုန်မြို့ UMFCCI မှာ ကျင်းပ နေတာဖြစ်ပြီး နိုင်ငံတကာက သတင်းမီဒီယာသမားတွေ ရာနဲ့ချီပြီး ပါဝင်တက်ရောက် ဆွေးနွေးနေကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013