
ရွေးကောက်ပွဲနဲ့ ပါတီတွေနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ အသစ်ရေးဆွဲထားပြီး Closed list PR စနစ်သစ်နဲ့ ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုတာဖြစ်ပြီး သူတို့လုပ်မယ့် ရွေးကောက်ပွဲကို Closed list PR စနစ်နဲ့ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
စနစ်သစ်နဲ့လုပ်မယ့် ရွေးကောက်ပွဲမှာ အဆင်ပြေစေဖို့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ နည်းဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်များ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စတာတွေကို အသစ်ရေးဆွဲပြီး အခုတော့ စစ်ကောင်စီကို တင်ပြထားပြီလို့ ပြောပါတယ်။
သူတို့အနေနဲ့ ဥပဒေ ၅ ခု အသစ်ရေးဆွဲထားသလို နည်းဥပဒေအသစ် ၄ ခုကိုလည်း ရေးဆွဲထားတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။ ဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းခြင်းဥပဒေလည်း ပါတယ်လို့ ပြောပါတယ်။
အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးရင် တနိုင်ငံလုံးမှာ အကြားအလပ်မရှိ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။











