
ပျူစောထီးတွေနဲ့ ဒေါက်တိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေဆီ လက်နက်တွေအပ်နှံပြီး အချိန်မီ ပူးပေါင်းကြဖို့နဲ့ ပူးပေါင်းလာသူတွေကို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။
ဧပြီ ၂၇ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်ဝါဒီ စစ်ကောင်စီဟာ တနေ့တခြား ပြုန်းတီးနေတဲ့ သူတို့ရဲ့အင်အားကို ဖြည့်တင်းဖို့ ပျူစောထီး အပါအဝင် ဒေါက်တိုင် အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းလေ့ကျင့် လက်နက်တပ်ဆင်ပေးကာ အရပ်သား ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာ၊ အကြမ်းဖက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာ၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေတာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေကို စစ်ပြိုင် တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ပျူစောထီးနဲ့ စစ်ကောင်စီဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းဝင်တွေဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင် လိုလားထောက်ခံတာ၊ စစ်အုပ်စုရဲ့ အတင်းအကျပ် ဖိအားပေးခံရတာ၊ အကျပ်ကိုင်ခံရတာ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေ၊ စီးပွားရေးနဲ့ အခွင့်အရေး တစုံတရာ ရလိုတာ စတဲ့ အကြောင်းအရာတွေကြောင့် အကြမ်းဖက်အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်နေကြတာတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒီမိုကရေစီကို သက်ဝင်ယုံကြည်သူမှန်ရင် နိုင်ငံရေးအမြင် မတူကွဲပြားသူတွေ၊ ဘဝပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့် မရသူတွေကို စစ်ရေးဆိုင်ရာပစ်မှတ်၊ ဒါမှမဟုတ် အကြမ်းဖက် အဖွဲ့အစည်းဝင်တွေအဖြစ် သတ်မှတ် အရေးယူ ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုကို ကိုယ်တိုင်ကျူးလွန်တာ၊ အားပေးပါဝင်ကူညီတာတွေ ပြုလုပ်ဆောင်ရွက်ရင်တော့ ကင်းလွတ်ခွင့်ပြုသွားမှာ မဟုတ်ဘဲ တရားဥပဒေအရ၊ စစ်ရေးအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လိုက်တာပါ။
ဒါကြောင့်မို့ ပျူစောထီးနဲ့ ဒေါက်တိုင် လက်နက်ကိုင်တွေ ကျူးလွန်နေကြတဲ့ ကျေးရွာတွေ၊ နေအိမ်တွေကို မီးရှို့တာ၊ အကြမ်းဖက်သတ်ဖြတ်တာ၊ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ အသုံးပြုတာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင် စောင့်ကြည့်နေပြီး စစ်ကောင်စီ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံစားခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်လည်ယူဆောင်နိုင်ရေးကိုလည်း ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။