DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်တက်ခွင့်မရသည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှ ဖိအားပိုတိုးလာနိုင်
DVB
·
April 27, 2022
စစ်ခေါင်းဆောင်တက်ခွင့်မရသည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှ ဖိအားပိုတိုးလာနိုင်
Donate to DVB

လာမယ့် မေလဒုတိယအပတ်မှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲက စစ်ကောင်စီအတွက် ဖိအားတွေ ပိုဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ခွင့်မရတဲ့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို လာမယ့် မေလ ၁၂ ရက်မှ  ၁၃ ရက် အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကျင်းပသွားမှာပါ။ 

အဲဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သေချာပေါက်ဆွေးနွေးမယ်ဆိုတာကို မှန်းဆလို့ရ သလို စစ်ကောင်စီအတွက်တော့ ဖိအားတွေ ပိုတိုးလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUGကို တရားဝင်အသိအမှတ်ပြုရေးလမ်းကြောင်းကလည်း နောက်တဆင့်  ရှေ့တိုးလာနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

“အန်ယူဂျီ အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့အဆင့်တဆင့်အထိ ဖြစ်စေနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလောက်အထိ ဖြစ်လာနိုင်သလားဆိုတာ ပြောရတာတော့ ခက်ပါတယ်။ အဲတော့ ဖိအားတွေတော့ တဆင့်တိုးလာလိမ့်မယ်။ အာဆီယံဘက်ကလည်း တိုးလာလိမ့်မယ်လို့ ထင်တယ်။ ဘယ်နည်းဘယ်ပုံနဲ့ ဖြစ်မလဲဆိုတာကတော့ ကျနော်တို့ ပြောဖို့ခက်တယ်။ မှန်းဆကြည့်ရတာတော့ အန်ယူဂျီကို အသိအမှတ်ပြုရေးပြဿနာဟာ တော်တော်လေး အရေးပါလာလိမ့်မယ်လို့ ကျနော်တို့အထင်တဲ့အကြောင်း ပြောချင်တယ်။” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ 

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ကိစ္စတွေ၊ အမေရိကန်အစိုးရက ဆုံးဖြတ်ထားတဲ့ တခြားအကူညီတွေပေးဖို့ကိစ္စနဲ့ပတ်သက်လို့လည်း အာဆီယံအနေနဲ့ ပူးပေါင်းကူညီဖို့ဆိုတဲ့ ကိစ္စတွေ၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်မဖော်သရွေ့ အစည်းအဝေးပေးမတက်ဖို့ကိစ္စတွေကို အမေရိကန်ဘက်က သေချာပေါက် ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)ကပြောပါတယ်။

အဲဒီဆွေးနွေးပွဲက စစ်ကောင်စီအတွက် ဖိအားဖြစ်စေမှာ မှန်ပေမဲ့ သူတို့အတွက် အဓိက ဖိအားကတော့ ပြည်အတွင်းအခြေအနေတွေပဲဖြစ်တယ်လို့ ဦးရဲထွန်း (သီပေါ)က ပြောပါတယ်။ 

“PDFတွေရဲ့လှုပ်ရှားမှုတွေဟာ တနှစ်အတွင်းမှာ ရုပ်လျော့မသွားဘဲ ပိုပြီးတော့ တိုးလာတယ်။ နောက်လှုပ်ရှားရာဒေသတွေ ပိုကျယ်လာတယ်။ နောက်အဲဒီ PDF တွေထဲမှာ ပါဝင်တဲ့ အင်အားတွေ ပိုတိုးလာတယ်။ ပိုပြီးတော့ ကောင်းမွန်တဲ့ လက်နက်တွေ ပိုကိုင်တွယ်လာနိုင်တယ်။ နောက်သူတို့ ဆက်စပ်လှုပ်ရှားတဲ့ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဖွဲ့အစည်းတွေကလည်း တိုးလာတယ်ပေါ့နော်။ ဆိုတော့ အပြိုင်စည်းရုံးနေကြတာပေါ့၊ အခု နောက်ဆုံး နစက ဥက္ကဋ္ဌ ကနေပြီးတော့ EAO ခေါင်းဆောင်တွေနဲ့ လူချင်းကိုယ်တိုင်တွေ့မယ်ဆိုတဲ့ ဥစ္စာက အဲဒီဖိအားတွေ များလာတာကို ပြန်ပြီးတော့ တုံ့ပြန်တဲ့အနေနဲ့ တန်ပြန်စည်းရုံးတာပေါ့ဗျာ။ EAOs နဲ့ အပြိုင်စည်းရုံးတဲ့ သဘောပါပဲ။ အဲဒီ ပြည်တွင်းက အချက်အလက်တွေကတော့ တကယ့်အဓိက ဖြစ်လိမ့်မယ်လို့ ယူဆတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်ကတော့ အမေရိကန်- အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိလာနိုင်ပေမဲ့ သူတို့အဓိက ဆွေးနွေးနိုင်တာကတော့ ရုရှား-ယူကရိန်းအရေးနဲ့ နောက်ဆက်တွဲကိစ္စတွေပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ ပြည်တွင်းမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကျစ်ကျစ်လျစ်လျစ် စုစုစည်းစည်းနဲ့ ပူးပေါင်းပေါင်းရွက်ကြဖို့ကသာ အရေးကြီးဆုံးပဲလို့ ဦးဘိုလှတင့်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ပထဝီအနေအထားနဲ့ ဒီကနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းအခြေအနေတွေက ကျနော်တို့အရေးဟာ ကျနော်တို့ကိုယ်တိုင် ပိုပြီးတော့ ကြိုးပမ်းရမယ့်သဘော ဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေက ကိုယ့်ထက်ပိုပြီးတော့ မဟာဗျူဟာကျတဲ့ အရေးအခင်းနဲ့ ကြုံနေရတဲ့အခါမှာ ကိုယ့်တိုင်းပြည်အရေးကို ဒီအချိန်မှာ ပိုပြီးတော့ ကျနော်တို့ အင်အားစုတွေက ပိုအလေးအနက်ထားပြီးတော့ ကြိုးစားရမယ့်အချိန်လို့ မြင်ပါတယ်ဗျာ။”

မြန်မာ့အရေး ဖြေရှင်းဖို့ သဘောတူးထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်  ၅ ချက်ဖြစ်တဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး စတာတွေကို အချိန် တနှစ်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီဘက်က အခုထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

ဆွေးနွေးပွဲကို အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျင်းပမှာဖြစ်ပြီး ရုရှား-ယူကရိန်းအရေး၊ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး စတာတွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။

အမေရိကန်-အာဆီယံ  ထိပ်သီးဆွေးနွေးပွဲကို အဆင့်မြင့်ပုဂ္ဂိုလ်ကို တက်ခွင့်မပေးဘဲ နိုင်ငံရေး ရာထူးမရှိတဲ့သူကိုသာ တက်ဖို့ ဖိတ်ကြားရင် ကိုယ်စားလှယ် စေလွှတ်မှာ မဟုတ်ဘူးလို့  စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013