DVB Logo
Home
မြန်မာသတင်း
နေပြည်တော် အချုပ်ထောင်တွင် အသက်အရွယ်ကြီးသည့် နိုင်ငံရေးအကျဥ်းသားများ ဖိနှိပ်ခံနေရ
DVB
·
April 26, 2022
နေပြည်တော် အချုပ်ထောင်တွင် အသက်အရွယ်ကြီးသည့် နိုင်ငံရေးအကျဥ်းသားများ ဖိနှိပ်ခံနေရ
1 / 2
Donate to DVB

နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများစုက အသက်အရွယ်ကြီးသူတွေ ဖြစ်ကြပြီး သူတို့ကို ထောင်ထဲမှာ ထောင်အာဏာပိုင်တွေက  ဖိနှိပ်၊ မိုက်ရိုင်းစော်ကား အနိုင်ကျင့်နေတယ်လို့ အကျဉ်းသားမိသားစုတွေနဲ့ အဆိုပါထောင်ကနေ ပြန်လွတ်လာသူတွေထံက သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က“ထောင်၀န်ထမ်းတွေက အရမ်းဆိုးတယ်။ သူတို့က ပေးရင်ကောင်းတယ်။ ဒီနေ့ပေး ဒီနေ့အတွက်ပဲ အဆင်ပြေတယ်။ နောက်နေ့ကျ ပထမရက်က ပေးထားတာတွေ ဘာတွေ နားမလည်ဘူး။ ထောင်ပိုင်လေး ကျော်သူရ နှစ်စိ(နှစ်ပွင့်/ထောင်မှူးကြီး)က တိုက်ကို ကြီးကြပ်တယ်။ ပုံမှန်အချုပ်သား တပတ်တကြိမ်ပို့နေရတဲ့ ထောင်ဝင်စာကို နိုင်ကျဥ်းလူကြီးတွေကို နှစ်ပတ် တကြိမ် လုပ်ပစ်လိုက်တယ်၊ အဲဒါကလည်း လူမတွေ့ရဘူးနော်။ ပါဆယ်ပဲ ပို့ရတာ။ အဲဒါကိုတောင် ကျပ်ပစ်တာ။ အဖေဆိုရင် အသက်က ၇၀ ကျော်နေပြီ။ အဖမ်းခံထားရတာ တနှစ်ကျော်နေပြီ။ ပါဆယ်ပဲ ပို့ရတာ။ ဖမ်းခေါ်သွားကတည်းက ဒီနေ့ထိ တခါမှကို မတွေ့ရတော့ဘူး၊ အဲဒါ သူ့ကို ပို့မယ့် ပါဆယ်ထုပ်မှာ နာမည်ကို  ဦး(-) ဆိုပြီး ဦးတပ်ရေးလို့ဆိုပြီး သာမန်ဘာအဆင့်မှမရှိတဲ့ ၀န်ထမ်းက ပြဿနာရှာပြီး ဆူတာ။ ဒီမှာအကျဉ်းသားပဲ ရှိတယ်။ အရင်တုန်းက ဘာကြီး ဖြစ်ခဲ့ဖြစ်ခဲ့၊ လာမလုပ်နဲ့ အခုက ရာဇ၀တ်သားတွေပဲ။ ထောင်ထဲမှာ ရာဇ၀တ်သားတွေကို ဘယ်သူမှ -ဦးတို့၊ ကိုတို့ တပ်မခေါ်ရဘူး။ အဲဒါ ထောင်စည်းကမ်းပဲ၊ နောက်တခါ ပါဆယ်မှာ -(ဦး)တပ်မလာနဲ့ဆိုပြီး ပက်ပက်စက်စက် အပြောခံရတယ်။ အခုတော့ အဲဒီ နှစ်စိကို သွားပြီး ပေးကမ်းလိုက်တော့ တပတ်တကြိမ် ပါဆယ်ပို့ခွင့် ပြန်ရသွားတာ” လို့ ပြောပါတယ်။ 

ဒါ့အပြင် ထောင်ထဲက ရေတွေက မသန့်တာကြောင့် အကျဉ်းသားတော်တော်များများ  ညှင်း၊ ဝဲ အရေပြားယားနာ ပေါက်ကြပြီး ဆေးရုံ ဆေးခန်းပြချင်ပါကလည်း တစ်လလောက်ကြာမှ ပြခွင့်ရကြတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်အတွင်း ရေနွေးနှင့် သန့်ရှင်းတဲ့ရေ ရရှိဖို့ ခက်ခဲနေပြီး ရေသန့် ၆ လုံးတကတ်ကို ကျပ်  ၂၅၀၀ ထမင်းဖြူ တစ်ပွဲကျပ် ၇၀၀၊ ဟင်းတစ်ပွဲကိုကျပ်  ၂၅၀၀ ကနေ ၄၅၀၀ အထိ ထောင်ဝန်ထမ်းတွေဆီကို ပိုက်ဆံပေးမှာ စားကြရတယ်လို့လည်း သိရပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဇနီးသည်က” နေပြည်တော်ထောင်က နိုင်ကျဥ်းတွေ အရမ်းများလာတာ။ အသက်ကြီးသူတွေ များတယ်။ အဆောင်တွေ အရမ်းကျပ်နေတယ်။ ပုံမှန် ၂၀၀ လောက်ဆံ့တာကို ၆၀၀ လောက်ထိဖြစ်နေတယ်။ အရေအတွက်အတိအကျတော့ မသိရဘူး။ များတော့ အရမ်းများနေတယ်။ ရာသီဥတုက အရမ်းပူတော့ လူကြီးတွေအတွက် စိုးရိမ်နေရတာ။ တခြား အင်းစိန်တို့၊ သာယာ၀တီတို့ ထောင်တွေမှာက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပန်ကာဝယ်တပ်လို့ ရသေးတယ်။ ဒီမှာက ဘာပန်ကာမှ မရှိဘူး။ တပ်ခွင့်လဲမပေးဘူး၊ ခြင်ထောင်လည်း ပေးမသုံးဘူး။ အဲဒီတော့ ညဘက်တွေ ဘယ်အိပ်နိုင်မလဲ၊ အရမ်းပူတာရယ်၊ ခြင်ကိုက်တာရယ်ကြောင့်  အိပ်မရကြဘူး၊ အိပ်မရလို့ ထိုင်နေလို့လည်း မရဘူး၊ ညအိပ်ချိန်ဆိုတာနဲ့ အိပ်ပျော်ပျော် မပျော်ပျော် တုံးလုံးလှဲနေရတာ၊ မလှဲနေရင် မအေ နှစ်မနဲ့ဆဲပြီး ပြဿနာရှာတယ်၊ ကြာလာရင် အသက်ကြီးသူတွေ လုံးပါးပါးတော့မှာကို စိုးရိမ်နေရတယ်”လို့ ပြောပါတယ်။

နေပြည်တော်အကျဉ်းထောင်မှာ  အဆောင် ၂ ဆောင်နဲ့ တိုက် ၂ တိုက် ရှိပြီး အများအားဖြင့် အမိန့်မချရတဲ့သူတွေကိုသာ ထားတတ်ကာ ထောင်ဒဏ်အမိန့်ချပြီးရင် တခြားနယ်ထောင်တွေကို ရွှေ့ပြောင်းလေ့ရှိပါတယ်။

လက်ရှိ အမှုရင်ဆိုင်နေရသူတွေ  များတာကြောင့် နေပြည်တော်ထောင်မှာ  လူတွေ ပြပြည့်ကျပ်နေတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူးနေ့မှာ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံခြားသားတွေအပါအဝင် အကျဉ်းသား ၁,၆၁၉ ဦးကို ပြန်လွှတ်ပေးရာမှာ  ခိုးမှု၊ မူးယစ်ဆေးမှု၊ စစ်ပြေးနဲ့ ရဲအမှုတွေ အများစုပါဝင်ပြီး နိုင်ငံရေး အကျဉ်းသားတွေကတော့ တယောက်မှ ပြန်လွတ်လာတာ မရှိပါဘူး။  

Photo-AFP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013