
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ ဧပြီ ၂၂ ရက်၊ ည ၁၀ နာရီလောက်က ထွက်ခွာလာတဲ့ ကားအကြီး ၉ စီး၊ ကားအငယ် ၂ စီးပါ စစ်ကောင်စီယာဉ်တန်း သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာအနီး ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ၅ မိနစ်လောက် ရမ်းသမ်းပစ်ခတ်ကာ ယာဥ်တန်းကို ပုလောဘက်သို့ ဆက်လက်ဦးတည် မောင်းနှင်သွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာကို မသိရသေးဘဲ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုအများအပြားရှိနိုင်တယ်လို့ ဒေသခံတွေပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
ဒေသခံတဦးက "ပေါက်ကွဲသံက ခပ်ဝေးဝေးကနေ ကြားရတာတောင် တော်တော်ကျယ်တယ်၊ မြေကြီးပါတုန်သွားတယ်၊ စစ်သားတွေ တော်တော်ထိသွားမယ့်ပုံပဲ” လို့ ပြောပါတယ်။
ဧပြီ ၂၀ ရက်၊ မနက်ပိုင်းကလည်း သရက်ချောင်းမြို့နယ်အတွင်း ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၇ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။