
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်အာဏာရှင်တပ်က Y12 လေယာဉ်နဲ့ ကျေးရွာ ၃ ရွာကို ဗုံးကြဲခဲ့လို့ စစ်ရှောင် အရပ်သားပြည်သူ ၃ ယောက် ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘယာ၊ ကုလားတွင်းနဲ့ သစ်ကတိုး ရွာ ၃ ရွာကို ဇွန် ၆ ရက် ညအချိန်မှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး ၈ လုံး ကြဲချခဲ့ တာဖြစ်ပါတယ်။
ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က “ညဉ့် ၁၀ နာရီကျော်အချိန်မှာ သစ်ကတိုးရွာနဲ့အနီးကို ဗုံး ၃ လုံး လာကြဲတာပါ။ တောင်မော်ဘက် ကလေးမတယောက်နဲ့ စနဲဘက်က အမျိုးသားစစ်ရှောင် တယောက်တော့ ထိခိုက်ဒဏ်ရာ ရသွားတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းအနီးကို ကျတယ်။ ရွာနားတွေကို ကျတယ်။ တချို့အိမ်တွေ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကတော့ ကျောက်ဖြူမြို့နယ်၊ တောင်မော်ရွာမှ သစ်ကတိုးရွာ ဘုန်းကြီးကျောင်းအနီးမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၁၂ နှစ်အရွယ် မစုနေလင်း၊ စနဲမြို့ အလယ်စုရပ်ကွက်နေ အသက် ၅၀ အရွယ် ဦးချစ်လွင်နဲ့ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆံထိုးရွာက အသက် ၆၉ နှစ်အရွယ် ဒေါ်သန်းရီ တို့ ဖြစ်ပါတယ်။
စစ်တပ်က သစ်ကတိုးရွာကို ဗုံး ၃ လုံးနဲ့ ကြဲချလို့ ဘုန်းကြီးကျောင်းအနီးမှာ စစ်ဘေးရှောင်နေကြတဲ့ မစုနေလင်းက ဘယ်ဘက်လက်မောင်း၊ ဦးချစ်လွင်ရဲ့ ညာဘက်တင်ပါးနဲ့ ဒေါ်သန်းရီရဲ့ ကျောကုန်းတို့မှာ ဗုံးစထိမှန်ကာ အသီးသီး ဒဏ်ရာရရှိသွားခဲ့ပြီး ရွာသားတယောက်ပိုင်တဲ့ ဝက်တကောင်လည်း ဗုံးစထိမှန်လို့ သေဆုံးသွားခဲ့ပါတယ်။
စစ်တပ်က Y-12 လေယာဉ်နဲ့ ဘယာရွာကိုလည်း ဗုံး ၂ လုံး ကြဲချခဲ့လို့ ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းနံရံနဲ့ ပြတင်းပေါက်မှန်တွေ ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“ဘယာရွာကို ဆက်တိုက် ၂ လုံးချတယ်။ ဘုန်းကြီးကျောင်းဝင်းနဲ့ ကျောင်းနား ပတ်ဝန်းကျင်ကို ကျတယ်။ ကျောင်းဆောင် ပျက်စီးသွားတာ ရှိတယ်။”
အလားတူ ည ၁၁ နာရီ ကျော်မှာလည်း လေတပ်က Y-12 လေယာဉ်နဲ့ ကုလားတွင်းရွာကို ဗုံး ၃ လုံး ထပ်မံကြဲချခဲ့ရာ ရွာထဲက ဦးထွန်းခင်ရဲ့ နေအိမ် ပြိုကျပျက်စီးသွားပြီး၊ ဦးကျော်သန်းနု ပိုင်ဆိုင်တဲ့ နွား ၃ ကောင် သေဆုံး/ဒဏ်ရာရရှိသွားကာ ဦးကျော်စိန်ချေရဲ့ ဝက်၂ ကောင်လည်း သေဆုံးသွားပါတယ်။










