အီရန်နဲ့ စစ်ပွဲအဆုံးသတ်ဖို့ တရုတ်အကူအညီ လိုတယ်လို့ မထင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၁၂ ရက်မှာ ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မေ ၁၄ ရက်ကနေ ၁၅ ရက်အထိ တွေ့ဆုံဖို့ရှိပေမဲ့ အီရန်ပြဿနာအတွက် တရုတ်ရဲ့ အကူအညီယူဖို့ မစဉ်းစားထားဘူးလို့ ထရမ့်ပ်က ဆိုပါတယ်။
တချိန်တည်းမှာပဲ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး အီရတ်၊ ပါကစ္စတန်တို့နဲ့ ရေနံတင်ပို့ဖို့ သဘောတူညီချက်တွေ ရယူခဲ့ပါတယ်။
အမေရိကန်ဘက်က အီရန်ရဲ့ နျူကလီးယားအစီအစဉ် ရပ်တန့်ဖို့နဲ့ ရေလက်ကြား ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားတာပါ။
အီရန်ကလည်း စစ်လျော်ကြေးပေးဖို့နဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ပြန်လည်တောင်းဆိုထားပြီး ဒါကို အမှိုက်တွေလို့ မေ ၁၁ ရက်မှာ ထရမ့်ပ်က ပယ်ချခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေ စီးပွားရေးအရ ထိခိုက်မှုတွေ ရှိနေတာဟာ အီရန်နဲ့ သဘောတူညီချက်ယူဖို့ စေ့ဆော်ရာ ရောက်စေမလားလို့ သတင်းထောက်တယောက်က မေးမြန်းခဲ့ရာမှာတော့ ထရမ့်ပ်က “နည်းနည်းလေးတောင် မဖြစ်ပါဘူး” လို့ တုံ့ပြန်ပါတယ်။
အီရန်ကို နျူကလီးယားလက်နက် မရစေဖို့ကသာ သူ့အတွက် တခုတည်းသော ရည်ရွယ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
အခုချိန်ထိ အီရန်စစ်ပွဲအတွက် အမေရိကန်က ဒေါ်လာ ၂၉ ဘီလီယံလောက် သုံးစွဲထားရပြီး စစ်ပွဲအပေါ် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုလည်း ကျဆင်းနေပါတယ်။
အမေရိကန်ကလည်း ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ အေဘရာဟမ် လင်ကွန်း လေယာဉ်တင်သင်္ဘောကို အာရေးဗီးယန်းပင်လယ်မှာ တပ်ဖြန့်ထားပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလည်း ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုနယ်မြေကို တိုးချဲ့လိုက်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ်လို့ နိုင်ငံပိုင်ရုပ်သံက ဖော်ပြပါတယ်။
Source: Reuters










