DVB Logo
Home
မြန်မာသတင်း
ရွာငံတွင် စစ်ကောင်စီက ဓနုတပ် Danu Army ဖွဲ့စည်းရန် ကြိုးပမ်းနေ
DVB
·
April 22, 2022
ရွာငံတွင် စစ်ကောင်စီက ဓနုတပ် Danu Army ဖွဲ့စည်းရန် ကြိုးပမ်းနေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီက ဓနုတပ် (Danu Army) ဖွဲ့ဖို့ ဒေသခံတွေကို လိုက်လံစည်းရုံးနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရွာငံမြို့အတွင်းက ကျေးရွာတွေကို တရွာကို အနည်းဆုံး ၁၃ ယောက်လောက် ပါဝင်ရမယ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကတဆင့် စာပို့ စည်းရုံးနေတာဖြစ်ပြီး ဓနုတပ် (Danu Army) ဖွဲ့ဖို့အတွက် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ထိပ်တန်းခေါင်းဆောင်တချို့၊ ဒေသခံ စီးပွားရေးသမားတချို့တို့ ပါဝင်ပတ်သက်နေပြီး PNO အဖွဲ့က ကူညီပေးနေတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "ဒီရိုက်ခတ်မှုက ဒေသတွင်း ပဋိပက္ခ ကြီးထွားလာနိုင်တယ်ဗျ။ ရွာတွေမှာကလည်း သတင်းစီးဆင်းမှု အားနည်းတာကြောင့် ဓနုတပ် (Danu Army) ဆိုတာ ကိုယ့်လူမျိုးစုတပ်လို့ပဲ ထင်နေကြတာ။ ဓနုတပ် (Danu Army) ဆိုတာကို သေချာမသိ နားမလည်ဘဲ ဝင်ရောက်လိုသူ များပြားနေတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသူတဦးက "ဒေသခံလူမျိုးအချင်းချင်း ပြန်တိုက်ခိုက်ခိုင်းတဲ့ ဗျူဟာကို စစ်ကောင်စီက ပေါ်ပေါ်တင်တင် သုံးစွဲလာပြီဖြစ်တယ်။ ကျနော်တို့ စိုးရိမ်တာက ဓနုတပ် (Danu Army) ဆိုပြီး ဓနုပြည်သူတွေက မျှော်လင့်နေကြပေမဲ့ အခုဖွဲ့မယ့်တပ်က ဓနုလူမျိုးကို ကိုယ်စားမပြုဘဲ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် (ပြည်သူ့စစ်) ဖြစ်တယ် ဆိုတာကို ဒေသခံပြည်သူတွေ မသိနားမလည်လိုက်မှာကို စိုးရိမ်မိတယ်။ ဒီဗျူဟာသာ အောင်မြင်သွားမယ်ဆိုရင် ဓနုဒေသခံ လူမျိုးအချင်းချင်း ပြန်လည်တိုက်ခိုက်ကြရမှာဖြစ်ပြီး စစ်ကောင်စီက အလွယ်တကူ အုပ်ချုပ်သွားမှာဖြစ်တယ်။ ဓနုတပ်ဖွဲ့ (Danu Army) ဆိုပြီး တဖက်လှည့်နဲ့ နာမည်တပ် လိုက်လံစုဆောင်းနေပေမဲ့ ဒါဟာ စစ်ကောင်စီလက်ကိုင်တုတ် ပြည်သူ့စစ်သာ ဖြစ်လာမှာဖြစ်ပြီး ဒေသခံအချင်းချင်း ပြန်တိုက်ခိုင်းပြီး ဓနုဒေသကို ရှုပ်ထွေးအောင် ပြုလုပ်နေခြင်းသာဖြစ်တယ် ဆိုတာကို ဒေသခံပြည်သူတွေ သေချာနားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့" ပြောပါတယ်။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဋ္ဌဟောင်း ဦးခင်မောင်ချိုကတော့ “Danu army ဖွဲ့စည်းတယ် ဆိုတာတော့ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျနော်တို့ကတော့ မိမိကြောင့် မည်သူတဦးတယောက်ကိုမှ ဒုက္ခမရောက်စေချင်ပါဘူး” လို့ ဒီဗွီဘီကို ပြောပြီး သူ့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့လတွေကတည်းက ဓနုဒေသမှာ စစ်ကောင်စီခန့် ဥက္ကဋ္ဌ ဦးဆောင်ပြီး ပျူစောထီးဖွဲ့ဖို့ လိုက်လံစည်းရုံးခဲ့ပေမဲ့ အခုအခါမှာ ပျူစောထီးဖွဲ့ဖို့ရယ်လို့ ပေါ်တင် မစည်းရုံးဘဲ ကာကွယ်ရေးတပ်ဖွဲ့ ဓနုတပ်အဖြစ် ခေါင်းစဉ်ပြောင်းပြီး စည်းရုံးလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013