DVB Logo
Home
မြန်မာသတင်း
မိုးမကျမီ နေရပ်ပြန်နိုင်ရေး တာဝန်ယူပေးရန် AA နှင့် စစ်ကောင်စီကို ရခိုင်စစ်ရှောင်များ တောင်းဆို
DVB
·
April 21, 2022
မိုးမကျမီ နေရပ်ပြန်နိုင်ရေး တာဝန်ယူပေးရန် AA နှင့် စစ်ကောင်စီကို ရခိုင်စစ်ရှောင်များ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်တွေက အခုနှစ် မိုးရာသီမရောက်မီ နေရပ်ပြန်နိုင်ရေး ကူညီပေးဖို့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ကျောက်တောမြို့ မဟာမုနိ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ သာစည်ကျေးရွာမှ ကိုဇော်မင်းဦးက “ကျနော်တို့ရွာမှာ အိမ်ခြေ ၃၀၀ လောက် ရှိပါတယ်။ အိမ်ထောင်စုတွေ အားလုံး တစုတလုံးတည်း အိမ်ပြန်ချင်ပါတယ်။ အဲဒီလို အိမ်ပြန်နိုင်ဖို့ AA နဲ့ စစ်ကောင်စီကပါ ပူးပေါင်းပြီး တာဝန်ယူပေးစေချင်ပါတယ်။ အခုဆို မိုးရာသီ ရောက်တော့မယ်။ ဒုက္ခသည်စခန်းမှာ မိုးတွင်းဆို ရေပြည့်ပါတယ်” လို့ ပြောပါတယ်။

သာစည်ကျေးရွာရှိ အိမ်ခြေ ၃၀၀ လောက်က ဒုက္ခသည်တွေဟာ ကျောက်တော်မြို့ ကဝိရတနာကျောင်း စစ်ဘေးရှောင်စခန်း၊ ဝါးတောင် စစ်ဘေးရှောင်စခန်းနဲ့ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွေမှာ အသီးသီး နေထိုင်နေကြရတာပါ။

ကျောက်တောမြို့နယ်၊ နဂရာကျေးရွာမှ စစ်ဘေးခိုလှုံနေတဲ့ မအေးအေးရီက နေရပ်ပြန်ချင်ပေမဲ့ ကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ ချထားတဲ့အတွက် ရွာပြန်ဖို့ မဖြစ်နိုင်ဘဲ ရွာပြန်ရင်လည်း လုပ်စားစရာအလုပ် မရှိတော့သလို နေအိမ်တွေလည်း မရှိတော့တာမို့ အခက်အခဲတွေ တွေ့နိုင်ကြောင်း၊ မိုးမကျမီ နေရပ်ပြန်ဖို့ လက်နက်ကိုင်အဖွဲ့ နှစ်ခုစလုံးက တာဝန်ယူ ဖြေရှင်းပေးစေလိုကြောင်း ပြောပါတယ်။

“အိမ်ပြန်ဖို့အခြေအနေ မရှိသေးပါဘူး။ အခု မိုးရာသီရောက်တော့မယ်။ ဒုက္ခသည်စခန်းကနေ အိမ်တွေက ပြိုပျက်နေပါပြီ။ မိုးမလုံတော့ဘူး။ သွားလာဖို့လမ်းတွေ အဆင်မပြေပါ။ လိုအပ်ချက်တွေကတော့ များပါတယ်။ ဒီကိုပြေးလာရတာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ကျော်ပါပြီ။ ဒုက္ခသည်စခန်းမှာတော့ ရိက္ခာတွေနဲ့ စားသောက်နေနိုင်တယ်။ ရွာကိုပြန်ရင် ဘာအလုပ်မှ မရှိဘူး။ နေအိမ်တွေလည်း မီးလောင်သွားပြီ။ ဘယ်လိုစားသောက် နေထိုင်ကြမလဲ။ နောက်ပြီး ရွာမှာ စစ်သားတွေ စခန်းချထားတယ်။ ရွာက ထွက်ပြေးလာတဲ့နေ့ကစပြီး ဒီနေ့အထိ ရွာကို တကြိမ်မှ သွားမကြည့်ရသေးပါဘူး။ ရွာပြန်ဖို့ကတော့ အေအေဘက်ကဖြစ်ဖြစ် စစ်ကောင်စီကဖြစ်ဖြစ် အခုလို ပြဿနာတွေကို ရှင်းလင်းပေးဖို့ လိုပါတယ်။ ဒါမှ ကျမတို့ အိမ်ပြန်နိုင်ကြမှာပါ။”

ကျောက်တော်မြို့ မဟာမုနိ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးခိုလှုံနေတဲ့ အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၁,၈၂၀ ဦး နေထိုင်နေပြီး စစ်ဘေးရှောင် ဒုက္ခသည်စခန်းရှိ နေအိမ်တွေဟာ မိုးရာသီဆိုရင် လူနေထိုင်လို့ မရတော့တဲ့ အခြေအနေအထိ ပျက်စီးလာနေတာကြောင့် စစ်ဘေးရှောင်တွေ မိမိရပ်ရွာတွေကို ပြန်လိုနေကြတာပါ။

အဲဒီ မဟာမုနိ စစ်ဘေးရှောင်စခန်းမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စုမှ ရွှေပြည်ကြီး၊ မျောက်တောင်၊ သာစည်၊ အလယ်ကျွန်း၊ မလာ၊ နဂရာ၊ ကျောက်ရုံစု၊ လောင်းရှည်၊ ကွမ်းဈေး၊ ပြိုင်းတိုင် စတဲ့ကျေးရွာတွေက ရွာသူရွာသားတွေသာမက ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာသားတွေပါ စစ်ဘေးခိုလှုံနေကြပြီး မိုးရာသီမရောက်မီ အိမ်ပြန်နိုင်ဖို့ နှစ်ဖက်တပ်ဖွဲ့အနေနဲ့ တာဝန်ယူပေးကြဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်ကတည်းက ရက္ခိုင်တပ်တော် (AA) နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013