DVB Logo
Home
Lead Story
အာဏာရှင်ကိုယ်စားပြု လက်ချောင်းများ
DVB
·
April 21, 2022
အာဏာရှင်ကိုယ်စားပြု လက်ချောင်းများ
Donate to DVB

ပထမကမ္ဘာစစ်မတိုင်မီ မွေးတဲ့ ဥရောပ ကဗျာဆရာတွေထဲမှာ ကျနော် စိတ်ဝင်တစားဖြစ်မိတာ နှစ်ဦး ရှိတယ်။ တစ်ဦးက အင်္ဂလန်မြေ ဝေလနယ်သား “ဒီလန်တောမတ်စ်”၊ နောက်တစ်ဦးက “အိုစစ် မင်ဒယ်စတန်း”။ ဒီလန်တောမတ်စ်က ရုရှားက ရဟူဒီကဗျာဆရာ အိုစစ်မင်ဒယ်စတန်းထက် ၂၃ နှစ်ငယ်တယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ရေးသွားတဲ့ ကဗျာတွေထဲမှာ သ​င်္ကေတယူပုံ တထပ်တည်းကျတဲ့ ကဗျာနှစ်ပုဒ် ရှိနေတယ်။ နှစ်ယောက်စလုံးက အာဏာရှင်ကို ဖော်ညွှန်းတဲ့ သင်္ကေတအဖြစ် လူ့လက်ချောင်းတွေကို အသုံးပြုဖော်ပြရေးဖွဲ့သွားတာ တွေ့ရတယ်။

ဒါကြောင့်မို့ သူတို့နှစ်ယောက်ကို ကျနော် စိတ်ဝင်စားတာပါ။ ပထမ “အိုစစ် မင်ဒယ်စတန်း” ရဲ့ ကဗျာကို ကြည့်ကြရအောင်။

စတာလင်ဘွဲ့ကဗျာ

ငါတို့

ဒီတိုင်းပြည်ကြီးရဲ့ အောက်မှာ

ခံစားမှုမဲ့ နေထိုင်ကြ။

ခြေလှမ်းဆယ်လှမ်းမပြည့်မီ

တို့စကားတွေ

ပျောက်သွားကြရ။

စကားဝိုင်း တဝက်

ရောက်ရင်ပဲ

ကရင်မလင်က ခေါင်းဆောင်ကြီးရဲ့ နာမည်

ပါလာမြဲ

သူ့ရဲ့

တီကောင်တွေလို တုတ်ခိုင်လှတဲ့

လက်ချောင်း ဆယ်ချောင်း

သူ့စကားတွေဟာ

အလေးချိန်တိုင်း ကိရိယာတွေပါပဲ။

မင်ဒယ်လ်စတန်းရဲ့ ဒီမူရင်းကဗျာမှာ အပိုဒ် ၈ ပိုဒ် ပါတယ်။ ကျနော်က တိုက်ရိုက်လိုအပ်တဲ့ စာပိုဒ်တွေကိုပဲ ဖော်ပြလိုက်တာပါ။ ဒီကဗျာရေးတဲ့နှစ်က ၁၉၃၃။ ကမ္ဘာ့ပထမဦးဆုံးထူထောင်တဲ့ ကွန်မြူနစ်နိင်ငံကြီး ဘုန်းမီးနေလ တောက်ပတဲ့အချိန်။ လူတိုင်း လေးနက်ခန့်ညားကြရတဲ့ ခေါင်းဆောင်ကြီး စတာလင်ကို လူပြက်ဖြစ်အောင် လှောင်ပြောပြီး ရေးတဲ့ကဗျာ။ ကဗျာခေါင်းစဥ်မှာကတည်းက ပြောင်ကျကျ နာမည်တပ်ပြီး ရေးလိုက်တာ။ အသတ်မခံရတာတောင် ကံကောင်းတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ရာသီဥတု အင်မတန်ဆိုးတဲ့ ယူရယ်တောင်တန်းတွေဆီ အပို့ခံရတယ်။ ကျေးတော ငှက်တော မဲဇာပို့တဲ့ သဘောပေါ့။ အဲဒီမှာ ဒဏ်မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဥ်းစားသေးသတဲ့။ ဒီကဗျာထဲမှာ သူက အာဏာရှင် စတာလင်ကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် လက်ချောင်းတွေကို အသုံးပြုရေးဖွဲ့သွားတာ တွေ့ကြရမှာပါ။ 

မင်ဒယ်စတန်းဟာ မဲဇာမှာ ၄ နှစ်နီးပါးနေရပြီး ၁၉၃၇ မေလမှာ ပြန်လွတ်တယ်။ တခါ ၁၉၃၈ မေလထဲမှာပဲ ဒုတိယအကြိမ် ထပ်ပြီး အဖမ်းခံရပြန်ရော။ ဒီတခါတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်တဲ့။ ယူရယ်တောင်တန်းတွေဆီ သွားရပြန်တယ်။ သူ့ဘဝနိဂုံးက ဆိုးတယ်။ သူ ဘယ်မှာ ဘယ်အချိန်မှာ ဘယ်လိုဖြစ်ပြီး ဆုံးတယ်ဆိုတာ ဒီကနေ့အထိ ဘယ်သူမှ အတိအကျမသိကြပါဘူး။ 

ကဲ...နောက်တယောက် “ဒီလန်တောမတ်စ်”ရဲ့ ကဗျာကို ကြည့်ကြရအောင်။ 

စာရွက်ကို လက်မှတ်ထိုးတဲ့လက်ဟာ

မြို့ကိုဖျက်တယ်။

မင်းတရား လက်ငါးချောင်းက

အသက်ရှူမှုကို အခွန်ခွဲကြရဲ့

ကမ္ဘာ့သေသူကို နှစ်ဆတိုးစေပြီး

နိုင်ငံကို ထက်ဝက်ကျုံ့စေတယ်

စာချုပ်ကို လက်မှတ်ထိုးတဲ့လက်ဟာ

ရောဂါကို ပွားစေတယ်

ငတ်မွတ်ခြင်းလည်း ပေါ်ပေါက်

ကျိုင်းကောင်တွေလည်း လာကြ

နာမည်ကို ရေးခြစ်လိုက်ရုံနဲ့

လူသားအပေါ် စိုးမိုးမင်းလုပ်နိုင်တဲ့လက်ဟာ ကြီးမြတ်စွ

လက်များမှာ 

ယိုစီးစရာ မျက်ရည် မရှိချေဘူး။

“ဒီလန်တောမတ်စ်”က အာဏာရှင်ကို ကိုယ်စားပြုပြီး “လက်ငါးချောင်း”ကို သင်္ကေတယူထားတာ တွေ့ကြရမှာပါ။ အဲဒီလက်ငါးချောင်းက လက်မှတ်ထိုးလိုက်ရင် မြို့ကို ဖျက်နိုင်သတဲ့။ ကျနော်တို့ မျက်မှောက်ကာလ မြို့တွေဖျက်၊ ရွာတွေပြောင်းခံရ မီးရှို့ခံရတာ သွားသတိရတယ်။

ပြီးတော့ အဲဒီလက်ငါးချောင်းက အသက်ရှူမှုကို အခွန်ခွဲကြရဲ့တဲ့။ ကိုလိုနီခေတ်က လူခွန်၊ အိမ်ခွန်၊ တချို့နေရာတွေမှာ အိမ်ပြတင်းပေါက်နဲ့ လှေကားထစ်အရေအတွက်အထိ အခွန်ကောက်တယ်လို့ ကြားဖူးတယ်။ အခုကျတော့ အသက်ရှူမှုကိုတောင် အခွန်ခွဲကြရဲ့တဲ့။ ဘာကျန်သေးတုန်း။ အတိဿရဝုတ္တိအလင်္ကာပေါ့လေ။ ဖိသထက်ဖိ ကြပ်သထက်ကြပ်လာတဲ့သဘော ပြောတာပါ။

ဒီမှာ ဒီလန်တောမတ်စ်က “လက်များမှာ ယိုစီးစရာမျက်ရည် မရှိဘူး” လို့ ရေးသလို မင်ဒယ်စတန်းကလည်း “လက်ဆယ်ချောင်းက ငါတို့ရဲ့စကားကို ကြားနိုင်စွမ်းမရှိဘူး”လို့ ရေးတယ်။ ဆိုလိုတာကတော့ အာဏာရှင်ဟူသမျှ ဘယ်သူမှ နှလုံးသားမရှိဘူး၊ ကိုယ်ချင်းစာတရား မရှိဘူးလို့ ပြောတဲ့သဘောပါ။

“ဒီလန်တောမတ်စ်”က ဆင်းဆင်းရဲရဲ နေသွားရတဲ့သူ။ သတင်းထောက်၊ ပြဇာတ်သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးသူ။ ထူးခြားတာက သူက ကဗျာအရွတ်ကောင်း။ ဘီဘီစီကတဆင့် ကဗျာတွေ ရွတ်ပြီး အသံလွှင့်တယ်။ အင်္ဂလန်မှာ ကဗျာရွတ်လို့ အားမရတော့ အမေရိကသွားပြီး ရွတ်တယ်။ အဲဒီ အမေရိကမှာပဲ သူ ဆုံးသွားတယ်။ သူ ဆုံးတော့ သန်တုန်း မြန်တုန်းအရွယ်… ၃၉နှစ်။

ကျနော်တို့ဆီမှာ ၁၉၇၀ ဝန်းကျင် နိုင်ငံရေး နိုးကြားတဲ့ မိုးဝေကဗျာလှုပ်ရှားမှု မြင့်မားစဥ်က ကဗျာဟာ အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအတွင်း တပ်ဦးက ပါဝင်တယ်လို့ ပြောခဲ့ကြတာ ရှိတယ်။

တကယ်တော့ မိုးဝေခေတ်ရယ်လို့ မဟုတ်ပါဘူး။ ဘယ်ခေတ်မှာမဆို ကဗျာဟာ စာပေယဥ်ကျေးမှု စစ်မျက်နှာမှာ တပ်ဦးကပဲ အမြဲရှိနေတာပဲလို့ ယူဆရပါတယ်။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013