အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်ထ်က West Point စစ်တက္ကသိုလ်က ဘွဲ့ရ ကျောင်းသားတွေကို မိန့်ခွန်းပြောရာမှာ အီရန်နဲ့ အမေရိကန်ပဋိပက္ခကို နည်းနည်းသာ ရည်ညွှန်းခဲ့ပေမဲ့ နိုင်ငံရေးအရ မှန်ကန်မှုကြောင့် တပ်မတော်မှာ နိမ့်ကျလာတဲ့ စံချိန်စံညွှန်းတွေလို့ သူ သတ်မှတ်တဲ့ အခြေအနေတွေကို အဓိကထား အာရုံစိုက် ပြောဆိုခဲ့ပါတယ်။
လူမျိုးရေးနဲ့ ကျား၊မ ကွဲပြားမှုအပေါ် အစွဲတွေကို ခင်ဗျားတို့ မြင်ခဲ့ရပြီ။ နိုင်ငံရေးအရ မှန်ကန်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ စည်းကမ်းလျော့ပါးလာခြင်း၊ ကျင့်ဝတ်တွေ အားနည်းလာခြင်းနဲ့ အစဉ်အလာတွေကို ဘေးဖယ်ထားခြင်းတွေကို ခင်ဗျားတို့ မြင်ခဲ့ရပြီးပြီလို့ ဟက်ဇက်ထ် က ပြောပါတယ်။
ပင်တဂွန်အကြီးအကဲ ဟက်ဇက်ထ်ဟာ အမေရိကန် တိုက်ပွဲစည်းမျဉ်းတွေရဲ့ လိုရင်း အနှစ်ချုပ်ကို ဖော်ပြတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ တရားမျှတမှုကျင့်ဝတ်ကို အကြံဉာဏ်ပေးဖို့နဲ့ ပြဋ္ဌာန်းဖို့ ကူညီပေးရေးအတွက် JAGs (Judge Advocate Generals) လို့ လူသိများတဲ့ စစ်ဘက်ရှေ့နေတွေ ကိုလည်း ရည်ညွှန်းခဲ့ပါတယ်။
စစ်တပ်အကြီးအကဲအဖြစ် တာဝန်ယူပြီး ရက်နည်းနည်းအတွင်း ဟက်ဇက်ထ်ဟာ JAG တပ်ဖွဲ့ရဲ့ အရွယ်အစားကို သိသိသာသာ လျှော့ချခဲ့ပါတယ်။ "ရှေ့နေတွေက တပ်ရင်းတွေကို မအုပ်ချုပ်ဘူး။ တပ်မှူးတွေကပဲ အုပ်ချုပ်တယ်။ ကြက်ဥခွံပေါ်မှာ လမ်းလျှောက်စရာ မလိုတော့ဘူးလို့လည်း သူက ပြောပါတယ်။
ဟက်ဇက်ထ်က “ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ၊ အထူးသဖြင့် တိုက်ပွဲရဲ့ အပူဒဏ်ကြားမှာ ခဏတာအတွင်း ဆုံးဖြတ်ချက်ချတဲ့အခါ သမ္မတထရမ့်ပ်နဲ့ ကျနော်က ခင်ဗျားတို့ကို ကျောထောက် နောက်ခံပေးမှာပါ" လို့ ပြောပါတယ်။
အမေရိကန် စစ်တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်အရ စနေနေ့မှာ အမေရိကန်စစ်တပ်မှာ ဗိုလ်လောင်း ၁,၀၀၂ ယောက် ဘွဲ့ရပြီး ဒုဗိုလ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
Source: Reuters










