DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးညွှန်မှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ချုပ် ဒေါက်တာစိုးဦးတို့ကို အလုပ်နှင့် ထောင်ဒဏ် ချမှတ်
DVB
·
April 21, 2022
ကျန်းမာရေးညွှန်မှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ချုပ် ဒေါက်တာစိုးဦးတို့ကို အလုပ်နှင့် ထောင်ဒဏ် ချမှတ်
Donate to DVB

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ရဲ့ အကြီးအကဲဟောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ ညွှန်ကြားရေးမှူးချုပ်  (ငြိမ်း) ဒေါက်တာစိုးဦးတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်နဲ့ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့်ထောင်ဒဏ်  ၂ နှစ် ကျခံစေရန်  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ဧပြီ ၂၀ ရက်မှာ အမိန့် ချမှတ်ခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာထားထားလင်းဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်တဲ့  GAVI HSS2 Grant (Global Alliance for Vaccines and Immunization-Health System Strengthening 2) ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ စီမံချက်မန်နေဂျာအဖြစ် ဆောင်ရွက်စဉ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို  နစ်နာဆုံးရှုံးစေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးဟာလည်း  GAVI HSS2 Grant လုပ်ငန်း တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်တဲ့အလျောက် ဒေါက်တာ ထားထားလင်းရဲ့ ဆောင်ရွက်မှုမှာ ကြီးကြပ်စစ်ဆေးဖို့ စီမံခန့်ခွဲဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး  ထောင်ဒဏ်ချမှတ်ခံထားရသူတွေဘက်ကတော့ ပြန်လည်ချေပပြောဆိုနိုင်တဲ့ အခွင့်အရေးမရရှိသေးပါဘူး။

ဒေါက်တာထားထားလင်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ဒဂုံမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး  သူဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလုပ်လုပ်နေတယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ စွပ်စွဲဖော်ပြခဲ့ပါတယ်။

ဒေါက်တာထားထားလင်း အပါအဝင် ဆရာဝန်စုစုပေါင်း ၂၅  ယောက်တို့ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၄ တို့အရ စွဲဆိုချက်တွေကို  ရင်ဆိုင်ရမယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက် ဒေါက်တာထားထားလင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၆ အရ လည်းကောင်း၊ ဒေါက်တာစိုးဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းမှာ နိုဝင်ဘာ ၃၀ ရက် နေ့က ပထမသတင်း ပေးတိုင်ကြားချက် ဖွင့်လှစ်အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013