DVB Logo
Home
Lead Story
အပြာရောင် ကိုက်ခဲသော မနက်ခင်း
DVB
·
April 21, 2022
အပြာရောင် ကိုက်ခဲသော မနက်ခင်း
Donate to DVB

အဘ(ဆရာဦးဝင်းတင်) နဲ့ အပြင်မှာ နှစ်ခါလောက်ပဲ ဆုံဖူးပေမယ့် ဖုန်းထဲတော့ အကြိမ်ပေါင်းများစွာ စကားပြောခွင့်ရခဲ့တယ်။ သတင်းအတွက်၊ အပတ်စဉ် သတင်းသုံးသပ်ချက်အတွက်။ အဘဟာ မေးသမျှ မညည်းမညူ ဖြေပေးတယ်။  ကျနော် သတင်းစာသမားဘဝအစ  ၂၀၀၄ ခုနှစ် လောက်မှာ အဘက ထောင်ထဲမှာ။ ကျနော်တို့ သတင်းစာတိုက်က စနေနေ့တိုင်း လုပ်တဲ့ စာဖတ်ဝိုင်းမှာ တယောက်က အဘ ရေးတဲ့ သတင်းစာဆိုတာ ဆိုတဲ့ စာတမ်းကို တင်တယ်။ သတင်းစာဆိုတာ သံတော်ဦးတင်လွှာမဟုတ်ဘူး စသဖြင့်။

တက္ကသိုလ်ကနေ ကျောင်းပြီးခါစ စာနယ်ဇင်းလောကထဲ စမ်းတဝါးဝါး လူငယ်တယောက်အတွက် ဟံသာဝတီဦးဝင်းတင် ဆိုတာ သူရဲကောင်းပါပဲ။ အဲဒီကာလက ထွက်တဲ့ ဦးဝင်းတင်အကြောင်း ပါတဲ့ ဥဒါန်းမဂ္ဂဇင်းကို သိမ်းထားခဲ့တဲ့ ဆယ်စုနှစ်ခုနီးပါး။ အခုတော့ ဥဒါန်းရော တခြား အနှစ်နှစ် အလလက သိမ်းခဲ့သမျှ ဦးဝင်းတင်စာအုပ်တွေ ရေလည်းတထွေ မြေလည်းတခြား။ ၂၀၂၀ ရွေးကောက်ပွဲအကြိုမှာ ဒေါ်စုက ဦးဝင်းတင်အကြောင်း ပြောမှာမို့ ဦးဝင်းတင်စာအုပ်တွေ လိုချင်တယ်ဆိုလို့ ကိုရာဇာက “နေသွင်ရေ မင်းမှာရှိတာတွေ စုထားပေး၊ ငါလာယူမယ်” ဆိုလို့ စုရသေးတာလည်း အမှတ်တရ။

ဦးဝင်းတင် လွတ်လာတော့ ဆရာမောင်စွမ်းရည်က ခြင်္သေ့ကြီး လွတ်လာပြီ ဆိုလားမသိ ဆောင်းပါး ရေးတယ်။ ဆရာက ထောင်ထဲ ကျားရဲ ကဗျာ ရေးခဲ့တယ်။ ဆရာစွမ်းက ခြင်္သေ့တဲ့။ လည်ဆံတဖွားဖွားနဲ့ ရဲရင့်တဲ့ သူ့မိတ်ဆွေကို မျက်စိထဲ မြင်ယောင်တယ် ထင်ပါတယ်။ ထောင်ထဲက ဟံသာဝတီဦးဝင်းတင်ဟာ အိပ်ရာဝင်ပုံပြင်ထဲက သူရဲကောင်းတယောက်။ သူ့ရဲ့ သတ္တိ၊ အမှန်တရား မြတ်နိုးမှု၊ နှိမ့်ချမှု၊ မေတ္တာကရုဏာအားကြီးတာ၊ လူတွေအပေါ် နားလည်မှုပေးနိုင်တာ ပြောမယ်ဆို ဆုံးမယ် မထင်။ ဒါတွေ စာထဲ ဖတ်ခဲ့ရတယ်။ ထောင်က ထွက်လာတော့လည်း ဆရာက သက်ရှိသူရဲကောင်း ဖြစ်နေတယ်။ မပြောင်းလဲ။

၂၀၁၀ မှာ ရွေးကောက်ပွဲအလွန်ဆိုတဲ့ ကျနော့်စာအုပ်မှာ အဘက အမှာစာရေးပေးခဲ့တာလည်း အမှတ်တရပါပဲ။ အဘက ၂၀၀၈ အောက်က ရွေးကောက်ပွဲကို မယုံကြည်တဲ့အကြောင်း အမှာစာ ရေးပေးခဲ့တယ်။ အဘကို လေးစားစိတ်နဲ့ ဇွတ်တရွတ် အမှာစာတောင်းခဲ့မိတာ အခုထိ အားနာမဆုံး။ အဘက နားလည်ပေးတယ်။

“ဒီလိုမျိုးစာတွေ ဆက်ရေးပါအုံး” လို့ လူချင်းတွေ့တော့ အားပေးတယ်။ အားနာရပြန်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းက တမျိုးဖြစ်သွားတယ်။ ဟံသာဝတီ ဦးဝင်းတင် ဆိုတာ ဒီမိုကရက်စစ်စစ်ဆိုတာ ဒေါ်စုလည်း ပြောဖူးတယ်။ ဒီမိုကရေစီနည်းကျ ပါတီထဲ ဆွေးနွေးမယ်။ အများက ဒီလမ်းကြောင်း ရွေးပြီးရင် လိုက်နာဆောင်ရွက်တတ်တဲ့လူ။

တခါက ဦးဝင်းတင် အိမ်ခြံဝင်းထဲ နယ်က တက်လာတဲ့ NLD ထောက်ခံသူ အမျိုးသမီးတယောက် သူတို့နယ်မှာ တဘက်ပါတီက (ဒလန်)တွေ NLD ပါတီထဲ အလုံးရင်း ဝင်နေတယ်လို့ သတင်းလာပေးတယ်။ ပါတီညီလာခံ အကြိုကာလ ဒီမိုကရေစီပါတီအတွက် အန္တရာယ်လို့ စိုးရိမ်ပုံပါပဲ။ ဆရာက ငါတို့တွေ ဒီမိုကရေစီကို ယုံရင် လူတွေကို ယုံရမယ်။ ဒါမျိုးတွေ ခံနိုင်ရည်ရှိရမယ်လို့ ပြောတာကို နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတယ်။

၉၀ ရွေးကောက်ပွဲ အကြိုကာလ ဒေါ်စုကို လုပ်ကြံမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ ဒေါ်စုကလည်း ပြည်သူလူထုကြားထဲ ဆင်းချင်တယ်။ ပါတီလူကြီးတွေ အစည်းအဝေးမှာ တချို့ လူကြီးတွေက စိုးရိမ်ကြတယ်။ ဦးဝင်းတင်က လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ ကင်းကွာလို့ မရဘူး။ ဘာဖြစ်နေနေ လူထုထဲ ဆင်းရမယ်လို့ သဘောထားပေးခဲ့တယ်။

၁၉၉၀ အလွန်ကာလ စု၊ လွှတ်၊ တွေ့ ဆိုတာ ထောင်ထဲက ဆရာချပေးခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံပဲ။ အဲဒီအချိန်က အိမ်ချုပ်ကျနေတဲ့ ဒေါ်စုကို လွှတ်ပေးရမယ်။ (၁၉၉၀ ရလဒ်) လွှတ်တော် ခေါ်ပေးရမယ်၊ တွေ့ဆုံ ဆွေးနွေးရမယ်။ ဒီသဘောပါ။ လက်ဝဲဆန်သူ၊ သဘောထားတင်းမာသူလို့ စစ်အုပ်စုက သတ်မှတ်တဲ့ ဆရာဟာ တွေ့ဆုံဆွေးနွေးရေးကို မငြင်းဆန်ခဲ့ပါဘူး။ ၂၀၂၀ အလွန်ကာလ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ တွေ့ဆုံဆွေးနွေးရေး ပြတင်းပေါက်က နှစ်ဘက်စလုံးမှာ အလွန်ကျဉ်းမြောင်းနေတာလည်း အရှိတရားပါပဲ။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်(မောင်တင်သစ်) က စစ်အာဏာ အတွေးအခေါ် အမြစ်ပြတ်ဖို့က အဓိက ဖြစ်ပြီး၊  ဒါကို လက်ခံတဲ့ စစ်ခေါင်းဆောင်တွေနဲ့ဆိုရင်တော့ ဆွေးနွေးကောင်း ဆွေးနွေးမယ်လို့ ပြောတာကြားရပါတယ်။

ဆရာဦးဝင်းတင်ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေက သူ မကွယ်လွန်ခင် မီဒီယာပေါင်းစုံနဲ့ အင်တာဗျူးတွေမှာ တွေ့နိုင်ပါတယ်။ ၂၀၁၂ လောက်မှာ ဆရာက ကျနော်နဲ့ ဖုန်းအင်တာဗျူးရင်း အဆုံးမှာ ဟိုက (စစ်အုပ်စု) လိမ်နေတာပါ။ ဒေါ်စုကလည်း တိုင်းပြည်နာမှာစိုးလို့ ကြားက ဝင်ရပ်နေတာပါ။ ကျနော်တို့ကလည်း ဒေါ်စုနောက်က သွေးတွေ မျက်ရည်တွေနဲ့ လိုက်နေရတာပါ၊ စစ်တပ် ပြောသမျှ မယုံနိုင်ဘူး သဘောပါတဲ့စကားကို ကျနော့်ကို ပြောခဲ့ပါတယ်။ ဆရာ ကွယ်လွန်တဲ့အခါ ဒီအကြောင်း ကျနော် ဆောင်းပါးရေးခဲ့ပါတယ်။

DVB ဒီဘိတ်ခရီးအတွက် ထွက်တဲ့အခါ ကြို့ပင်ကောက်ကို ဖြတ်တိုင်း ဒါ ဆရာ့ဇာတိဆိုပြီး အလိုလို ဦးညွှတ်မိတယ်။ ၂၀၁၀ လောက်က နယ်သာလန် ရောက်တော့လည်း ဆရာ သတင်းစာပညာတွေ ဆည်းပူရာ နိုင်ငံကို ရောက်နေပါလားဆိုတဲ့ စိတ်က ကျေနပ်စေတယ်။ ပရီးမီးယားလိဂ်နဲ့ ဝက်သား ကြိုက်တဲ့ ဆရာကို ကျနော် ဝက်အူချောင်း လက်ဆောင်ပေးဖူးတယ်။ ဆရာက ပြုံးလို့။ ဗီယက်နမ်ဘုန်းကြီး ကဗျာစာဆို သစ်နက်ဟန်အကြောင်း အနည်းအပါးပြောဖူးတယ်။ ကဗျာက ဆရာရဲ့ အချစ်ဦးဆိုတာ ဘာလဲဟဲ့ လူ့ငရဲမှာ တွေ့နိုင်ပါတယ်။

ဒီနေ့ ဆရာ ကွယ်လွန်ခြင်းနှစ်ပတ်လည်ဆိုတော့ နိုးတာနဲ့ ဆရာအကြောင်း အမှတ်ရတာတွေ တန်းစီတွေးမိတယ်။ ဆရာ ကွယ်လွန်တော့ တီဗွီအစီအစဉ်တခု လက်တန်း လုပ်ခဲ့တာလည်း အမှတ်ရတယ်။ အဲဒီအစီအစဉ်အတွက် ကိုနေဇော်နိုင် သွားဝယ်လာတဲ့ အင်္ကျီပြာလေးကို ဒီလိုနေ့ဆို ထုတ်ထုတ်ဝတ်တယ်။

ဆရာ ကွယ်လွန်တဲ့အပတ်မှာ ကမ္ဘာကျော် အီကိုနော့မစ်မဂ္ဂဇင်းက မျက်နှာပြည့် နာရေးသတင်း ရေးတယ်။ ထောင်က လွတ်ခါစ ဆရာ ပြောတဲ့ စကားနဲ့ အဆုံးသတ်ထားတယ်။

“ကျနော် ထောင်က လွတ်လာတယ်ဆိုပေမယ့် ထောင်အသေးလေးထဲနေ ထောင်ကြီးထဲ ရောက်နေတာပဲ။ မြန်မာတပြည်လုံးက ထောင်ကြီးတခုပဲ။”

ဆရာ့စကား ဘယ်နှစ်တွေအထိ တာသွားနေဦးမလဲ။

နေသွင်ညိဏ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013