DVB Logo
Home
နိုင်ငံရေး
နိုင်ငံတကာ ခုံရုံး - ICJ မှာ စစ်ကောင်စီ တက်ရောက်ခွင့်ရတဲ့အဓိပ္ပါယ်
DVB
·
February 22, 2022
နိုင်ငံတကာ ခုံရုံး - ICJ မှာ စစ်ကောင်စီ တက်ရောက်ခွင့်ရတဲ့အဓိပ္ပါယ်
1 / 2
Donate to DVB

တရားခွင် ပထမနေ့ ကြားနာမှုမှာ စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်က မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာတွေကို စေ့စပ်ညှိနှိုင်းရေး၊ ရင်ကြားစေ့ရေးစတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောခဲ့တယ်။

အိုင်စီဂျေ (ICJ) နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးမှာ တရားမဝင်တဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အခုလို တက်ရောက်ခွင့်ပြုတာဟာ အန္တရာယ်များပြီး၊ တရားမျှတမှု ရရှိဖို့အတွက် နှောင့်နှေးမှုတွေကို ဖြစ်စေလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က သဘောထားထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာမွတ်စလင်တွေကို တပ်မတော်က လူမျိုးတုံး ရှင်းလင်းဖို့ ရည်ရွယ်ချက်နဲ့ စစ်ဆင်ရေး လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာက ဦးတည်လျောက်ထားတဲ့ အမှုကို ICJ က ပြန်လည်ကြားနာတဲ့နေ့မှာပဲ ကုသမဂ္ဂ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ICJ တရားရုံးက စစ်ကောင်စီ ကိုယ်စားလှယ်ကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ပေးလိုက်တာဟာ “ဒေါသထွက်စရာ”  ကောင်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် ခရစ္စ စီဒိုတီ (Chris Sidoti) က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်သလို၊ မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အခု အိုင်စီဂျေက ကြားနာစစ်ဆေးနေတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးရှင်းလင်းရေး အမှုမြောက်တဲ့ တရားဥပဒေမဲ့ ကိစ္စတွေကို အမိန့်ပေးခဲ့သူတွေဖြစ်သလို၊ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ဖန်တီးသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တရားခွင်မှာ စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က “ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်တဲ့ တရားရုံး (ICJ) မှာ စီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်၊ အမှုလည်း မမြောက်တဲ့ အတွက်ကြောင့် မြန်မာအနေနဲ့ ဂမ်ဘီယာက စွပ်စွဲထားတဲ့အမှုအတွက် ဖြေရှင်းစရာအကြောင်း မရှိပါဘူး။ ဒါအပြင် မြန်မာ အစိုးရဟာ သမိုင်းကြောင်းရှည်ကြာနေပြီဖြစ်တဲ့ ရခိုင်မြောက်ပိုင်း ပြဿနာကို ကိုယ်တွယ်ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ လျောက်လဲချက်ပေးပါတယ်။

မြန်မာစစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေ  စတီဖန် တယ်လ်မန်း STEFAN TALMON ကလည်း  ဂမ်ဘီယာက ဂျီနီဗာသဘောတူညီချက်ရဲ့ ပုဒ်မ ၉ ဖြစ်တဲ့ ဂျီနိုဆိုက် (လူမျိုးတုံး သတ်ဖြတ်မှု) ကြိုတင်ကာကွယ်ရေးနှင့် အပြစ်ပေးအရေးယူရေးဆိုတဲ့ အချက်ကို ကိုးကားပြီး မြန်မာကို စွဲချက်တင်ထားတာဟာ ခိုင်လုံမှု မရှိဘူးလို့ ချေပပါတယ်။  ဂမ်ဘီယာက တင်ပြလာတဲ့ အချက်တွေဟာ ဂမ်ဘီယာနိုင်ငံထဲမှာ ဖြစ်ပျက်တာတွေ မဟုတ်သလို၊ ဂမ်ဘီယာ နိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးဆိုတဲ့ အချက်နဲ့ ချေပတာပါ။ နောက်ထပ် ရှေ့နေတစ်ယောက်ဖြစ်တဲ့ Christopher Staker ခရစ္စတိုဗာ စတိခါ ကလည်း အမှုကို ရုံးတော် တင်လာတဲ့ ဂမ်ဘီယာနိုင်ငံဟာ တခြား နိုင်ငံရဲ့ အသုံးတော်ခံ ဖြစ်နေတယ်လို့ ချေပပါတယ်။

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့က ကျောထောက်နောက်ခံပေးထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ထဲမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေ မွတ်စလင်တွေ နေထိုင်တဲ့ ရွာတွေကို ရွာလုံးကျွတ်မီးရှို့ပြီး၊ လူတွေ အစုလိုက်အပြုလိုက် သတ်ဖြတ်ကာ၊ ရိုဟင်ဂျာ အမျိုးသမီးတွေကိုလည်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့တစ်ဖွဲ့က ကွင်းဆင်းလေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံး ရှင်းလင်းဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးတွေကို အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ငါးယောက်ကို တရားစွဲဖို့ အကြံပြုခဲ့ပါတယ်။

အဲဒီအချိန်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန်အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ယန်ဟီးလီကလည်း အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်တဲ့ တရားခွင်ဟာ ရှက်စရာကောင်းတယ်လို့ဝေဖန်ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကသာ မြန်မာနိုင်ငံကို တရားဝင်အစိုးရ ဖြစ်လို့ တရားရုံးရှေ့မှောက်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရှိတယ်လို့ အကြံပြုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ အာဏာသိမ်း စစ်အုပ်စုနဲ့ အပြိုင်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီမတိုင်ခင်ကတော့ NUG အစိုးရဟာ  ၂၀၁၉ ခုနှစ်က နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ ပထမဆုံးတရားခွင်မှာ မြန်မာဘက်က ကနဦး ချေပကန့်ကွက်ချက်တွေကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ သဟိတ်မြို့ရဲ့ တရားခွင့်အပြင်ဘက်မှာ NUG ဝန်ကြီးတွေ တက်ရောက်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဥရောပ ရိုဟင်ဂျာ ကောင်စီက Ambia Perveen က စစ်ကောင်စီဟာ မြန်မာပြည်သူလူထုနဲ့၊ မြန်မာနိုင်ငံကို ကိုယ်စားမပြုပါဘူး။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကသာ ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ ကျမတို့ကတော့ ဒီအမှုကို ဆိုင်းငံ့ထားတာထက်စာရင် ရှေ့ဆက်သွားစေချင်ပါတယ်” ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch နဲ့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုစင်တာ (Global Justice Centre) တို့ကလည်း သုံးသပ်ချက် တစ်စောင် ထုတ်ပြန်ရာမှာ ICJ တရားရုံးမှာ စစ်ကောင်စီက အခုလို ချေပခွင့်ရတာကြောင့် အာဏာသိမ်း စစ်တပ်ကို တရားဝင် အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် မသက်ရောက်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ သူတို့ ကိုယ်သူတို့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တည်ဆောက်နေပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ဆောင်ချက် အောင်မြင်သွားခဲ့ရင် ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေအားလုံးအတွက် တရားမျှတမှုဆိုတာ ဆိုးဆိုးရွားရွား ထိခိုက်စရာ ရှိတယ်လို့ ထောက်ပြထားပါတယ်။

နေသွင်ညိဏ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013