DVB Logo
Home
မြန်မာသတင်း
NUG အစိုးရ၏ ပံ့ပိုးမှုဖြင့် မြိုင်မြို့နယ်တွင် စာသင်ကျောင်း ၄၈ ကျောင်း ပြန်ဖွင့်
DVB
·
April 20, 2022
NUG အစိုးရ၏ ပံ့ပိုးမှုဖြင့် မြိုင်မြို့နယ်တွင် စာသင်ကျောင်း ၄၈ ကျောင်း ပြန်ဖွင့်
1 / 3
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပံ့ပိုးမှုနဲ့ ကျောင်းပေါင်း ၄၈ ကျောင်းအထိ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီလို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျောင်းပေါင်း ၄၈ ကျောင်းထဲက ၄၂ ကျောင်းဆီက ပေးပို့ထားတဲ့ စာရင်းတွေအရ ကျောင်းသား ၇,၄၀၀ ကျော် ကျောင်းပြန်တက်နေပြီး CDM ဆရာ၊ ဆရာမ ၂၃၃ ယောက်နဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၆၃၀ က သင်ကြားပေးနေပါတယ်။

တချို့ကျေးရွာတွေမှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အားလုံး ကျောင်းပြန်တက်နိုင်ပြီး တချို့ကျေးရွာတွေမှာတော့ အလယ်တန်းအထိပဲ ဖွင့်နိုင်သေးတယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"ရပ်ရွာအခြေပြုထားတာပါ။ နဂိုစာသင်ကျောင်းတွေမှာ သင်ပေးသလို စာသင်ကျောင်းတွေမှာ သင်ပေးတယ်။ တချို့လည်း ဘုန်းကြီးကျောင်းထဲမှာ သင်တယ်။ တချို့ရပ်ရွာထဲက အိမ်မှာသင်ပေးတယ်။ ကျောင်းပေါင်းကတော့ မြိုင်မြို့နယ်မှာ လောလောဆယ် မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့ ချိတ်ဆက်ထားတာ ၄၈ ကျောင်း ရှိပါတယ်။ ကျောင်းသားစာရင်း ရောက်လာတာက ၄၂ ကျောင်း၊ အဲဒီမှာ ကျောင်းသားဦးရေ ၇,၄၀၀ ကျော်ရှိပါတယ်။ ဆရာ ဆရာမထဲမှာ CDM လည်းပါသလို စေတနာ့ဝန်ထမ်းတွေလည်း ပါပါတယ်။ CDM ဝန်ထမ်းက ၂၃၃ ဦးရှိပါတယ်။ စေတနာ့ဝန်ထမ်းကတော့ ၆၃၀ ရှိပါတယ်။ လတ်တလော ၄၂ ကျောင်းစာပေါ့။ တချို့ရွာတွေမှာ ထက် လယ် မူ အကုန်လုံးဖွင့်ပါတယ်။ တချို့ရွာတွေလည်း မူနဲ့ လယ်ပေါ့။ အများစုကတော့ လယ်ထိ ဖွင့်ကြပါတယ်။ ကိုယ့်ကလေးတွေ မလေလွင့်အောင်လို့ပေါ့။"

၂၀၂၁ အောက်တိုဘာ ၂၀ ရက်နေ့မှာ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ကောင်စီ ပညာရေးယန္တရား ပြန်မလည်ပတ်နိုင်ခင်မှာ တော်လှန်ရေး အားပိုကောင်းအောင် NUG က လက်ဦးမှု ရယူနေတာ ဖြစ်ပါတယ်။

ကျောင်းလာတက်တဲ့ ကျောင်းသားတွေ ဘေးကင်းအောင် ရပ်ရွာကာကွယ်ရေးအဖွဲ့တွေက ကင်းတွေချထားပြီး စစ်သားတွေ ရောက်မလာခင် ကြိုတင်သတင်းပေးနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အရွယ်ကြီးတဲ့ ကလေးတွေကိုတော့ အခန့်မသင့်လို့ ပစ်ခတ်မှုတွေ ဖြစ်လာရင် ဘယ်လိုပြုမူဆောင်ရွက်ရမယ်၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာမျိုး ဖြစ်လာရင် ဘယ်လိုပြုမူ ဆောင်ရွက်ရမယ် ဆိုတာတွေကို သင်ကြားပေးထားတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်၊ CDM ဆရာမတဦးက "လိုအပ်ချက်ကတော့ အများကြီးပေါ့လေ။ အခက်အခဲကြားထဲကနေ ဖြစ်အောင်လုပ်ရတယ်ဆိုတော့ စာအုပ်စာတန်း အခက်အခဲတွေ၊ ကလေးတွေအတွက် စေတနာ့ဝန်ထမ်းတွေခေါ်ဖို့ အခက်အခဲတွေ၊ White board၊ Marker တွေကအစ အခက်အခဲတွေ အများကြီးရှိတယ်။ အရွယ်ကြီးတဲ့ ကလေးတွေကိုဆို ဘာတွေကြုံလာရင် ဘယ်လိုလုပ်ရမယ်၊ လေကြောင်းကနေ ပစ်လာရင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို နားတဲ့အချိန်တွေမှာ ဆရာ ဆရာမတွေက ပြောပြပေးထားတယ်" လို့ ဆိုပါတယ်။

၂၀၂၀ ပညာသင်နှစ်တုန်းက ကလေးတွေဟာ ကိုဗစ်-၁၉ ကြောင့် ပညာရေးနဲ့ ဝေးကွာခဲ့ပြီး ၂၀၂၁ ပညာသင်နှစ်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် ကလေးတွေဟာ ပညာရေးနဲ့ ထပ်မံဝေးကွာခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက ပညာရေးဝန်ထမ်းအများစုဟာ CDM ဝင်ခဲ့ကြတဲ့အတွက် စစ်ကောင်စီရဲ့ ပညာရေးယန္တရားဟာ ရပ်ဆိုင်းခဲ့ရပါတယ်။

အခု ၂၀၂၂ ခုနှစ်ကြမှ အမျိုးသားညီညွတ်ရေးအစိုးရက CDM ပညာရေးဝန်ထမ်းတွေရဲ့ အကူအညီပေးမှု၊ ပြည်သူတွေရဲ့ ထောက်ခံမှုတွေနဲ့ ကျောင်းတွေကို ပြန်အသက်သွင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

မြိုင်မြို့နယ်က ကျောင်းသားမိဘတဦးက "ကျောင်းသားအခွင့်အရေး ပြန်ရတယ်လို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့ ကလေးတွေက ကျောင်းမတက်ရဘဲ အလေအလွင့်တွေ ရှိတဲ့အတွက် ဒီအစီအစဉ်က ကောင်းတဲ့အစီအစဉ် ဖြစ်တယ်။ ကျနော်တို့ဘဝတွေက သန်းခေါင်ထက် ညမနက်တော့ပါဘူး။ ဒီ့ထက်ပိုပြီး ကောင်းလာစရာလည်း မရှိတော့ဘူး။ ကျနော်တို့က ရတဲ့နည်းနဲ့ အကြောက်တရားအောက်ကနေပြီးတော့ ကျောင်းသားမိဘတွေ အားပေးထောက်ခံမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းလာတဲ့အတွက်ကြောင့် နယ်မြေစိုးမိုးမှု ရှိလာတာကြောင့် ရဲရဲဝံ့ဝံ့နဲ့ ကျောင်းဖွင့်ပေးလာနိုင်တာ ဖြစ်တယ်။ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေတခုကတော့ တတိုင်းပြည်လုံးမှာ ဖြစ်နေတာဖြစ်တယ်။ ကျောင်းထားလည်း ထူးခြားမလာဘူး။ ကျောင်းမထားလည်း ထူးခြားမလာဘူး။ စစ်ကောင်စီရဲ့ အန္တရာယ်က ထူးခြားမလာဘူး။ စစ်ကြောင်းထိုးလာရင် ကျနော်တို့ ကလေးတွေက ရှောင်ရမှာပဲ။ အဲ့ဒီအတွက် အခုအစီအစဉ်မှာ မပါဝင်သေးတဲ့ ကျေးရွာတွေလည်း ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်" လို့ ပြောပါတယ်။

စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့ ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီက အကြမ်းဖက် နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်တွေဆုံးရှုံးတာ၊ မိသားစုဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ စီးပွားရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာချိန်မှာတော့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းလာပြီး နယ်မြေစိုးမိုးမှု တစုံတရာ ရရှိလာတာကြောင့် အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။ အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက တစတစ အားလျော့လာပေမယ့် အကြမ်းဖက်လုပ်ရပ်တွေကိုတော့ ဆက်တိုက်ပြုလုပ်နေတုန်းပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013