DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း စက်သုံးဆီစျေး အနည်းငယ်တက်
DVB
·
April 20, 2022
မြန်မာပြည်တွင်း စက်သုံးဆီစျေး အနည်းငယ်တက်
Donate to DVB

ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ ဧပြီ ၂၀ ရက်က ဒီနေ့ စက်သုံးဆီစျေး  အနည်းငယ် စျေးတက်သွားတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

ဓာတ်ဆီခွဲတမ်းနဲ့ပဲရောင်းပေးတော့မယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် မနေ့က ရန်ကုန်မှာ  ပြည်သူတွေ တန်းစီပြီး ဓာတ်ဆီ  အလုအယက်ဝယ်ယူခဲ့ကြတာပါ။ ဒီကနေ့မနက်  ရန်ကုန်မြို့ထဲက  စက်သုံးဆီအရောင်းဆိုင်တချို့မှာ ကားတွေတန်းစီစောင့်ကြတာရှိပေမဲ့ မနေ့ကလောက်တော့ မများတော့ဘူးလို့ ယာဉ်မောင်းတွေက ပြောပါတယ်။

စက်သုံးဆီခွဲတမ်းရရှိဖို့ မနေ့က ကိုယ်တိုင်တန်းစီခဲ့ရတဲ့ အငှားယာဉ်မောင်းတဦးက “အခုကတော့ ပုံမှန်ပဲ။ ဆီဆိုင်တွေမှာ တန်းစီနေတာ သိပ်မရှိတော့ဘူး။ မနေ့ကတော့ တော်တော်ကို ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရတယ်။ ဆီကလည်း ဆိုင်တိုင်းလိုလိုမှာ ကိုယ်လိုသလောက် အကန့်အသတ်မရှိ ဝယ်လို့ရပြီ။ ဒါပေမဲ့ ဆီစျေးတော့ နည်းနည်းတက်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်ပိုင် စက်သုံးဆီဆိုင်တွေ ပိတ်ထားကြပြီး တချို့ ဆီဆိုင်တွေကတော့ ဆီကုန်သွားလို့ ဆိုင်ပိတ်ပစ်တာတွေရှိတယ်လို့လည်း ယာဉ်မောင်းတွေက ပြောပါတယ်။ 

စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ “ကျနော်တို့ဆီက လူတွေကလည်း တခုခုဆို အတင်းတိုးကြိတ်ပြီး ဝယ်ကြတာလည်း ပါတယ်ဗျ။ ကိုဗစ် စဖြစ်တုန်းကပဲ ကြည့်လေ။ စျေးဝယ်စင်တာတွေမှာ တခါတည်း တိုးကြိတ်ပြီး ဝယ်ခဲ့ကြတာ။ အဲ့လို ဝယ်လို့ပဲ စင်တာတွေလည်း အချိန်စောပြီး ပိတ်လိုက်ရတယ်။ နောက်ပိုင်းလည်းကျရော ပုံမှန် အခြေအနေ ပြန်ရောက်သွားတာပဲ မဟုတ်လား။ ဒါပေမဲ့ ဘာထူးခြားသွားလဲဆိုရင် ကုန်ပစ္စည်းတွေ စျေးတက်သွားတယ်။ အခုလည်း ဒီပုံစံပါပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့စက်သုံးဆီစျေးကွက်မှာ ဒီကနေ့  ဓာတ်ဆီ(၉၂)အမျိုးအစားက တလီတာကို  ၁၉၄၀ ကျပ်၊ ဓာတ်ဆီ(၉၅)အမျိုးအစားက ၁၉၈၅ ကျပ် ရှိပြီး ဒီဇယ်(ရိုးရိုး) ၂၁၅၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၂၃၁၀ ကျပ် ရှိပါတယ်။

မနေ့က တလီတာကို  ဓာတ်ဆီ(၉၂) အမျိုးအစားက ၁၈၉၀ ကျပ်၊ ဓာတ်ဆီ(၉၅)အမျိုးအစားက ၁၉၇၅ ကျပ် ရှိပြီး ဒီဇယ်(ရိုးရိုး) ၂၁၆၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၂၁၈၀ ကျပ်ရှိခဲ့တာတွေ့ရပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံနေရပြီလို့ လူမှုကွန်ယက်စာမျက်နှာမှာ ကောလာဟလ ထွက်ပေါ်လာပြီးနောက် မနေ့က ရန်ကုန်အပြင် မန္တလေးနဲ့ တခြားမြို့တွေမှာလည်း စက်သုံးဆီကို ခွဲတမ်းနဲ့သာ ရောင်းချခဲ့တဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်တွေမှာ မနေ့ညအထိ ကြိတ်ကြိတ်တိုးတိုး စည်ကားခဲ့ရပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက  ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု လုံးဝ မဖြစ်ပေါ်နိုင်ဘူးလို့   ဧပြီလ ၁၉ ရက် ညနေပိုင်းအချိန်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

သီလဝါစက်သုံးဆီ သိုလှောင်ကန်စခန်းတွေ အပါအဝင် ပြည်တွင်းဆီလက်ကျန်အခြေအနေမှာ ဓာတ်ဆီ ဂါလန် သန်းပေါင်း ၄၅ သန်းလောက်နဲ့  ဒီဇယ်ဆီ ဂါလန် သန်းပေါင်း ၇၀ သန်းလောက် ရှိတဲ့အပြင် ဆိပ်ကမ်းမှာ ရောက်ရှိနေတဲ့ ဆီမချရသေးတဲ့ သင်္ဘော ၂ စီးရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။

စစ်ကောင်စီခန့် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တင်သွင်းထားတဲ့ စက်သုံးဆီနဲ့ အလုံအလောက်ရှိတဲ့အကြောင်း စစ်တပ်သတင်းဌာန မြဝတီနဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါ တယ်။ 

“အဓိကပြဿနာဖြစ်ရတဲ့အကြောင်းရင်းက စက်သုံးဆီစျေးနှုန်း တည်ငြိမ်ရေးအတွက် ဒေါ်လာတွေရောင်းချပေးထားတာရှိတယ်။ သွင်းတဲ့ကုမ္ပဏီတွေကိုလည်း ကျနော်တို့က ၁၈၅၀ စျေးနဲ့ ရောင်းချခိုင်းထားတယ်။ ရောင်းချခိုင်းတဲ့အချိန်မှာ ဒါကို သူတို့အနေနဲ့ ဒေါ်လာကို နောက်ထက်လည်း မပေးနိုင်တော့ဘူး။ ဒါနဲ့ မရောင်းချချင်တဲ့အတွက်ကြောင့်မို့လို့ ဆီတွေ မရှိတော့ဘူး ဆိုပြီး ကောလဟလတွေ ဖြန့်နေတာရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ကျနော်တို့က သက်ဆိုင်တဲ့သူတွေကို အသိပေးစာတွေ သတိပေးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးတော့ စက်သုံးဆီနဲ့ပတ်သက်ပြီးတော့လည်း လမ်းမှာ မြန်မာနိုင်ငံထဲဝင်ဖို့အတွက် ကုမ္ပဏီအသီးသီးကနေ တင်သွင်းထားတဲ့ စက်သုံးဆီတွေ ရရှိဖို့ လမ်းမှာ ရောက်ရှိနေတဲ့ ဆီတွေလည်း ရှိပါတယ်။ ကျနော်ပြောချင်တာက ပြည်သူလူထုအနေနဲ့ စက်သုံးဆီနဲ့ပတ်သတ်ပြီးတော့ ကောလဟလတွေကို မယုံကြည်ကြဖို့နဲ့ စက်သုံးဆီနဲ့ပတ်သတ်ပြီး အလုံအလောက်ရှိတဲ့အကြောင်း အသိပေးပြောကြားလိုပါတယ်။”

အခုလိုစစ်ကောင်စီဘက်က ရှင်းလင်းချက်ထွက်လာပြီး မရှေးမနှောင်းမှာ စက်သုံးဆီအရောင်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Denko နဲ့ Max ဆီဆိုင် ကြီးတွေက မိမိတို့အရောင်းဆိုင်တွေမှာ စက်သုံးဆီကို လိုသလောက် ဝယ်ယူနိုင်တဲ့အကြောင်း အသီးသီးကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013