DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင်းရှိ သိမ်းဆည်းခံမြေယာကိစ္စ နှစ်မကုန်ခင် ဖြေရှင်းနိုင်မည်ဟု ၀န်ကြီးချုပ်ပြော
DVB
·
March 7, 2014
Donate to DVB

လက်ရှိအစိုးရအနေနဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက သိမ်းဆည်ခံမြေယာတွေ ပြန်လည် စွန့်လွှတ်ပေးရေး ဆောင်ရွက်နေတာမှာ ရှမ်းပြည်နယ်တွင်းက မြေယာတွေကို ဒီနှစ်မတိုင်ခင် ပြန်ပေးနိုင်မယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရှမ်းပြည်နယ်အစိုးရရုံးမှာ ၀န်ကြီးချုပ် စ၀်အောင်မြတ်ကို ဒီဗွီဘီက သွားရောက်မေးမြန်းစဉ်မှာ ခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

Shan State Map“ပြည်ထောင်စု အစိုးရအဖွဲ့ကနေပြီးတော့မှ မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီကို ဆက်လက် လွှဲပေးပြီးမှ ဆောင်ရွက်တဲ့နေရာမှာ အပိုင်း ၁ အပိုင်း ၂ အပိုင်း ၃ မှာ ရှမ်းပြည်နယ်အနေဲ့ ဖြေရှင်းပေးရမှာက စုစုပေါင်းအမှု ၇၄ မှု ရှိပါတယ်။ အဲဒီ ၇၄ မှုမှာ လက်ရှိ ၆၀ ကျော်လောက်ကို သက်ဆိုင်ရာတောင်သူတွေ ပြန်လည်ရရှိရေးအတွက် အမှုတွဲ တည်ဆောင်တာတွေ ဆက်လက် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မြို့နယ်အလိုက် ပြန်ခွဲကြည့်လိုက်မယ် ဆိုရင် တမြို့နယ်မှာ အမှု ၅ ခု ၆ ခု အမှု ၂ ခု ၃ ခု စသည်အားဖြင့် အဲဒီနေရာလေးတွေကို မြို့နယ် အသီးသီး ဖြေရှင်းဆောင်ရွက်ပေးတာကို ပြည်နယ်အနေနဲ့ ဆက်လက်ပြီးတော့မှ သက်ဆိုင်ရာ ဗဟိုအဖွဲ့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ကျနော်ထင်ပါတယ် ၂၀၁၄ စက်တင်ဘာ မတိုင်ခင်လောက်မှာ အမှန်တကယ် စိုက်ပျိုးမယ့် အမှန်တကယ် ရသင့်တဲ့ တောင်သူတွေ ရရှိသွားနိုင်တော့ စီစဉ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပြီးတော့မှ တောက်လျှောက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”

အချိန်ကာလ သတ်မှတ်ပြီး သိမ်းဆည်းလယ်မြေ ပြန်ပေးမယ်လို့ ပြောကြားချက်ဟာ လွှတ်တော်က သိမ်းဆည်းမြေယာတွေကို စက်တင်ဘာမတိုင်ခင် ပြန်ပေးရေးဆောင်ရွက်ဖို့ ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် ပြောဆိုချက်ဖြစ်ပါတယ်။

အစိုးရဖွဲ့ထားတဲ့ မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လို့ ကြန့်ကြာမှုတွေပေါ်မှာ အားမလို အားမရဖြစ်နေတာလည်း သိပါတယ်လို့ ပြောပါတယ်။

သိမ်းဆည်းခံလယ်မြေပြန်ရရေး လိုက်ကူညီနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းဝင်းမြင့် ကတော့ သူနေထိုင်ရာ ကျိုင်းတုံမြို့မှာ မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီကို ခုထိမဖွဲ့စည်းရသေးတဲ့အတွက် စက်တင်ဘာလ မတိုင်ခင် မြေယာကိစ္စဖြေရှင်းပေးဖို့ ဖြစ်နိုင်မယ်မထင်ကြောင်း ခုလိုပြောပါတယ်။

“ကျနော်တော့ ဖြစ်နိုင်မယ် မထင်ဘူး။ အဲဒီမြေယာအသုံးချ စီမံခန့်ခွဲရေးကော်မတီဆိုတာ လွှတ်တော်မှာတော့ ပြောတာပဲ၊ လက်တွေ့မှာ သိသာထင်ရှားမတွေ့သေးဘူး။ မြေစာရင်းရုံး ကလည်း ပိုင်ဆိုင်မှု အထောက်အထားရှိရမယ်လို့ ပြောတယ်။ ရွာသားတွေ ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက်လုပ်စားလာတာ ဆိုပေမယ့် အထောက်အထား မရှိတော့ ခက်တယ်။ နောက်မှလာတဲ့ စီမံကိန်းတွေ ကုမ္ပဏီတွေကျတော့ ချက်ချင်းအထောက်အထား ရသွားတယ်။ အဲဒါကြောင့် ရွာသားတွေနစ်နာတယ်။”

ကျိုင်းတုံမြို့နယ်ထဲမှာ ၁၉၉၅ - ၉၆ ကစပြီး မြေဧကပေါင်း ၅၀၀ သိမ်းဆည်းခံရတာကို မြေယာ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီတင်ပြခဲ့ပေမယ့် အကြောင်းမပြန်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောခွင့်ရ နန်းခေါန်လိတ်ကတော့ “မြေသိမ်းတဲ့ ပြဿနာဟာ လျော်ကြေးပေးရုံနဲ့ ပြေလည်သွားတာ မဟုတ်ဘဲ စီမံကိန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ စီမံကိန်းလုံခြုံရေးအတွက် ရောက်လာတဲ့ စစ်တပ်နဲ့ နယ်မြေခံလက်နက်ကိုင်တွေကြား ထိတွေ့ပစ်ခတ်မှု ဖြစ်မှာကို စိုးရိမ်ရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိနေတယ်လို့ ပြောပါတယ်။

တပ်မတော်အစိုးရ လက်ထက်ကာလက နိုင်ငံတ၀န်းက ပြည်သူတွေရဲ့ လယ်ယာမြေ သိန်းပေါင်းများစွာကို အစိုးရနဲ့ တပ်က သိမ်းဆည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013