DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့တွင် ရဲနှင့်ဒေသခံများ မြေယာကိစ္စကြောင့် ပဋိပက္ခဖြစ်
DVB
·
March 7, 2014
ယင်းမာပင်မြို့တွင် ရဲနှင့်ဒေသခံများ မြေယာကိစ္စကြောင့် ပဋိပက္ခဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အားရာချီသုံးပြီး ဒေသခံရွာသားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကို မြေတူးစက်တွေနဲ့ ၀င်ရောက်ဖျက်ဆီးတာကြောင့် နှစ်ဖက် ပဋိပက္ခဖြစ်ပြီး အသီးသီးဒဏ်ရာရခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်ကျေးရွာအုပ်စု အုံတုံပင်ရွာမှာ ရဲတပ်ရင်း ၂၈ တည်ဆောက်ဖို့အတွက်ဆိုပြီး ရဲအင်အား ၂၀၀ လောက်ဟာ ဘူဒိုဇာ ၃ စီးနဲ့ မတ်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ နှစ်ရက်ဆက်တိုက် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ontonဒီဖျက်ဆီးမှုကို တားမြစ်တဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တယ်လို့ ဘိုးဘွားပိုင်မြေ ဖျက်ဆီးခံရတဲ့ ဒေါ်ကြည်လေးက ပြောပါတယ်။

“အတင်းအဓမ္မလုယူ သိမ်းပိုက်ပြီးတော့မှ ဂေါ်စက်ကြီး ၃ စက်နဲ့ ရဲအင်းအား ၃၀၀ လောက်နဲ့ လာကော်ထိုးပြီးတော့ မကျေနပ်လို့ အန်တီတို့က မခံနိုင်ကြလို့ တားကြတဲ့သူတွေကို ရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ တက်နင်းမိတယ်။ ရုန်းရင်းဆန်ခတ်နဲ့ ဒီနေ့ဆိုရင် တော်တော်နာကြတယ်။ ရဲမေလည်း လက်ကျိုးတယ်လို့ ရဲဘော်တွေက ပြောတယ်။ ကျိုးလား မကျိုးဘူးလားတော့ မသိဘူး။ အန်တီတို့ဘက်ကတော့ ရဲနင်းလို့ လက်က ကျိုးသွားတယ်။ အဲဒါ ဆေးရုံကို သွားရတယ်။ အရိုက်ခံရတာတွေက တော်တော်များတယ်။ အမျိုးသမီးတွေ အရိုက်ခံကြရတယ်။ ဘုန်းကြီးတပါးနဲ့ ဂျီတီစီ ကျောင်းသားတယောက်နဲ့ အရပ်သား ၁ ယောက်နဲ့ ၃ ယောက်ဖမ်းထားတယ်။ ကလေးအမေနဲ့ ကလေးကိုတော့ အန်တီတို့ ဆူပူပြီး ပြန်တောင်းလို့ ကလေးအမေနဲ့ ကလေးကတော့ လွှတ်ထားတယ်။ အားလုံးပေါင်း ၅ ယောက်အဖမ်းခံရတာ။ သူတို့လုပ်မယ့် လုပ်ငန်းကို အန်တီတို့က တားကြတော့ တားတဲ့သူတွေကို လုပ်ငန်းနှောင်ယှက်လို့ဆိုပြီးတော့ သူတို့ အချုပ်ကားကြီးပေါ်မှာပဲ အခု ဘုန်းကြီးလည်း ဆွမ်းမစားရဘူး။ လူတွေလည်း ထမင်းမစားရဘူး။ အန်တီတို့လည်း အခုနေပူမှာ နေနေရတာ။”

ဒေါ်ကြည်လေး ပိုင်ဆိုင်တဲ့ မြေ ၂ ဧကထဲမှာ အသက်မွေးဝမ်းကျောင်းဖို့ ၀င်ငွေရနေတဲ့ ထန်းပင် အပင် ၇၀ နီးပါး လုံးဝ ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

မတ် ၆ ရက်နေ့တုန်းကလည်း ရဲအင်အား ၃၀၀ လောက်နဲ့ ၀င်ရောက်ပြီး ဖျက်ဆီးတာကြောင့် ဒေသခံတွေရဲ့ မြေနေရာတွေ အတော်လေးပျက်စီးသွားတယ်လို့ ပြောပါတယ်။

မနှစ်အောက်တိုဘာလတုန်းက ရဲတပ်ရင်း ၂၈ တည်ဆောက်ဖို့ ကိစ္စကို အုံတုံပင်ရွာသားတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ လယ်မြေ ၁ ဧကကို အိမ်ဝင်း ၂ ကွက်ပြန်ပေးမယ်ဆိုပြီး ညှိနှိုင်းရာမှာ လက်ခံသူရှိသလို လက်မခံတဲ့ ရွာသားတွေကလည်း ငြင်းဆိုခဲ့ကြပါတယ်။

အင်အားသုံးပြီး ၀င်ရောက် ဖျက်ဆီးခဲ့တဲ့အခြေအနေကို ရွာသား ဦးမြင့်ဇော်က “သူတို့ စောစောရက်က တောင်သူတွေနဲ့ လာပြီး ညှိနှိုင်းတဲ့အခါမှာ တောင်သူတွေက တချို့လည်း သဘောတူတယ်။ တချို့လည်း သဘောမတူဘူးပေါ့နော့်။ အဲဒီအခြေအနေကနေပြီးတော့မှ သဘောတူတဲ့လူတွေ အကွက်တွေထဲမှာ သူတို့က လာပြီး အဆောက်အဦတွေဆောက်တယ်။ အဆောက်အဦဆောက်ရင်းနဲ့မှ ကျန်တဲ့တောင်သူတွေကို ညှိရင်း ညှိရင်းနဲ့ တောင်သူတွေက သဘောမတူတာနဲ့ ကျန်နေတဲ့ မြေတွေကို သဘောမတူရင်လည်း လုပ်မယ်ဆိုပြီးတော့ တောင်သူတွေကို ဆက်မညှိတော့ဘဲနဲ့ သူတို့က ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံနဲ့ လုပ်တာလားတော့ မပြောတတ်ဘူး။ အဲဒီမှာ ထန်းပင်တွေ ရှိသမျှ အကုန်လုံး ထိုးပစ်လိုက်တာ” လို့ ပြောပါတယ်။

စီမံကိန်းအတွက် မြေယာသိမ်းဆည်းခံရတဲ့ တောင်သူတွေရဲ့ လယ်ယာမြေ ၁ ဧကကို ပေ ၆၀-၈၀ အကျယ်အ၀န်းရှိတဲ့ အိမ်ဝင်း ၂ ၀င်းစာ ပေးမယ်ဆိုပေမယ့် သဘောမတူဘူးလို့ ဒေါ်ကြည်လေးက ပြောပါတယ်။

“သူတို့က ညှိနှိုင်းတာက အန်တီတို့ မြေ ၁ ဧကမှ ၂ ၀င်းပဲ ပေးမှာ။ ၂ ၀င်းပဲ ပေးမှာကို လမ်းဘေးက အချက်အချာကျတဲ့ နေရာတွေကို သူတို့ ဆောင်ရွက်တဲ့သူတွေက ယူကြမှာ။ အန်တီတို့ကို ချောင်ကြားထိုးပေးမှာ။ အန်တီတို့ မြေက ၁ ဧကကို ကွက်စိပ် ၆ ၀န်း ရိုက်မှာ။ အန်တီတို့ကို နောက်ဝင်းကို ပေးမှာ။ အန်တီတို့က ဒီအိမ်ဝင်းတွေကို ရိုက်ရောင်းလိုက်လို့ရှိရင် အန်တီတို့ လုပ်စားစရာ မြေနေရာမရှိလို့ ကွက်စိပ်ရိုက်ပြီးတော့ မလုပ်ချင်ဘူး။ ရဲတပ်ရင်းလည်း မပေးချင်ဘူး။”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျအရာရှိတဦးက ဒီကိစ္စကို မသိကြောင်းသာဖြေဆိုပြီး တယ်လီဖုန်းချသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013