
စပါးပေါ်ချိန်ရောက်လို့ ကျဈေးနဲ့ မရောင်းချင်သေးတဲ့ တောင်သူလယ်သမားတွေအနေနဲ့ စပါးသိုလှောင်ထားပြီး ချေးငွေ ရယူနိုင်မယ့် သိုလှောင်ရုံ အာမခံစနစ်တခု လာမယ့် မတ် ၁၅ ရက်နေ့ကစ အကောင်အထည်ဖော်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
မတ် ၆ ရက်နေ့က မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ညီလာခံမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
သိုလှောင်ရုံမှာ လာပြီး စပါးအပ်နှံတဲ့ လယ်သမားတွေကို သိုလှောင်ရုံ အာမခံကတ်ပြားတွေ ထုတ်ပေးထားမှာ ဖြစ်ပြီး လယ်သမားတွေဟာ အဲဒီ ကတ်ပြားပြပြီး ငွေချေးနိုင်မှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
လယ်သမားတွေအနေနဲ့ စပါးဈေးတက်ပြီး ဈေးကောင်းရတဲ့အချိန် ပြန်ထုတ်ရောင်းနိုင် မယ်လို့ ဆိုပါတယ်။
သိုလှောင်ရုံ အာမခံစနစ်ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အက်ဖ်အေအိုအဖွဲ့တို့ ပူးပေါင်း အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။











