DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးရှိ ဓာတ်ဆီဆိုင်များတွင် ကားနှင့်ဆိုင်ကယ်များ ဆီထည့်ရန် တန်းစီနေရ
DVB
·
April 19, 2022
ရန်ကုန်နှင့် မန္တလေးရှိ  ဓာတ်ဆီဆိုင်များတွင် ကားနှင့်ဆိုင်ကယ်များ ဆီထည့်ရန် တန်းစီနေရ
1 / 11
Donate to DVB

ဓာတ်ဆီခွဲတမ်းနဲ့ ရောင်းချပေးမယ့်  သတင်းထွက်လာပြီးနောက် ဧပြီ ၁၉ ရက်မနက်စပြီး  ရန်ကုန်နဲ့ မန္တလေးမြို့ရှိ ဓာတ်ဆီဆိုင်တွေမှာ ကားတွေနဲ့ ဆိုင်ကယ်တွေ  ဆီထည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။    

ရန်ကုန် အပါအဝင် မန္တလေး မြို့ကြီးတွေမှာ စက်သုံးဆီကို ခွဲတမ်းနဲ့သာ ဝယ်ယူခွင့် ရရှိတော့တယ်လို့ စက်သုံးဆီအပေါ် မှီခိုရပ်တည်နေကြတဲ့ အငှားယာဉ်မောင်းတွေနဲ့ တနိုင်တပိုင်စက်သုံး ဆီရောင်းချနေတဲ့ လုပ်ငန်းငယ်ရှင်တွေက ပြောပါတယ်။

ဒီမနက် ရန်ကုန်မြို့မှာ စက်သုံးဆီရရှိဖို့အတွက် ယာဉ်မောင်းတွေ အချိန်တော်တော်ကြာ စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေနဲ့ ကြုံတွေနေရပါတယ်။

စက်သုံးဆီခွဲတမ်းရရှိဖို့ စောင့်ဆိုင်းနေကြတဲ့ အငှားယာဉ်မောင်းသူတဦးက “MMTM ဆီဆိုင်မှာ စျေးကတော့ အခုလောလောဆယ် ရောင်းပေးနေတာ ဓာ တ်ဆီ(၉၂) အမျိုးအစား တလီတာကို ၁၈၄၀ ကျပ်နဲ့ ဓာ တ်ဆီ(၉၅) အမျိုးအစား တလီတာကို ၁၉၁၀ ကျပ်နဲ့ ရောင်းပေးနေတယ်။ ရောင်းပေးတာက ကားတစီးကို ကျပ် ၁သောင်းဖိုးနှုန်းနဲ့ သူက ရောင်းပေးနေတာ။ ကိုယ်ပိုင်ကားဘဲဖြစ်ဖြစ် taxi (အငှားယာဉ်) ဘဲဖြစ်ဖြစ် ဘာကားအမျိုးအစားဘဲဖြစ်ဖြစ် ကျပ် ၁သောင်းဖိုးဘဲ ရောင်းပေးမယ်။ ဝယ်ချင်ရင် လာတန်းစီ။  ကုန်သွားရင်တော့ မရတော့ဘူး။ ပြီးတော့ သူတို့က တနေ့တာကို စက်သုံးဆီ ဘယ်လောက်ပမာဏ အထိ ရောင်းချပေးမှာလဲ ဆိုတာတော့ ကျနော်တို့လည်း မသိရဘူး။ ဆိုတော့ ပြဿနာက ဘာဖြစ်နေလဲဆို စက်သုံးဆီက ဒီကနေ့အတွက် ရမှာလား မရဘူးလား ဘာမှန်းမသိ ဖြစ်နေတာ။ တချို့ဓါတ်ဆီရောင်းတဲ့ စက်သုံးဆီဆိုင်တွေဆိုရင် မနေ့ကတည်းက အရောင်းမရှိတော့ဘူး။ ဆိုင်ပိတ်ထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါပုဂ္ဂိုလ်နဲ့အတူ စက်သုံးဆီရရှိဖို့ စောင့်ဆိုင်းနေတဲ့ ယာဉ်မောင်းတဦးကလည်း “စက်သုံးဆီကို အခု ခွဲတမ်းနဲ့ ရောင်းနေတာလေ။ ဒါကြောင့် အခုဆိုရင် ဘေလီတံတားထိပ်က MMTM စက်သုံးဆီဆိုင်မှာ ကိုယ်ပိုင်ကား၊ taxi (အငှားယာဉ်) တွေ တန်းစီနေတာ ဘယ်လောက်အထိလဲ ဆိုရင် ပါရမီလမ်းရော သံသုမာလမ်းရောမှာ ကားတွေပိတ်နေတာ။ ဘေလီတံတာထိပ်တက်မယ့်အ ခြမ်းဘက်မှာပေါ့။ ဒါက မနက် ၉ နာရီခွဲကတည်းက စက်သုံးဆီ ရဖို့အတွက် ကားတွေတန်းစီပြီး ပိတ်နေတာက အခုနေ့လယ် ၁၂ နာရီအထိနော်။ အခုတန်းစီနေတဲ့ ကားအစီး အရေက ၅၀ ဝန်းကျင်လောက်တော့ ရှိတယ်ဗျ” လို့ ဆိုပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မန္တလေးမြို့မှ စက်သုံးဆီအရောင်းကိုယ်စားလှယ် လုပ်ငန်းရှင်တဦးက “ဒီကနေ့ဆိုရင် wholesale မှာ ကျနော်တို့ ဝယ်လို့မရတဲ့ အနေအထား ဖြစ်နေတယ်။ ကုမ္ပဏီတွေကလည်း သူတို့ခေတ်ရောက်လာပြီလေ။ ဒါကလည်း သိတဲ့အတိုင်း ခရိုနီဆိုတာမျိုးက ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် ထုတ်မရောင်းတော့ဘူးပေါ့။ ဘာလို့လဲဆို အခုလို အချိန်က ကောင်းကောင်းကြီးကို အမြတ်ရတဲ့ အချိန်ဖြစ်နေတာနော်။ ပြီးတော့ ဆီက ထုတ်ရောင်းလိုက်ရင် ရှုံးမှာလေ။ ဒါပေမဲ့ ကိုယ့်လက်ထဲမှာ ကိုင်ထားလိုက်ရင် စျေးတွေက တက်တက်နေလို့ မြတ်တာပေါ့ဗျာ။ တကယ်လို့ အာဏာပိုင်အဖွဲ့အစည်းက မရောင်းမနေရ ဆိုပြီး တင်းကျပ်လိုက်မယ်ဆိုရင်တော့ တမျိုးပေါ့။ ဒါကလည်း သူတို့က ခရိုနီတွေနဲ့ ပေါင်းစားနေရင်တော့ ဒီလိုကိစ္စမျိုးက ဆက်ဖြစ်နေဦးမှာပဲ။ ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးက ငွေရှိတဲ့သူက စျေးတက်နိုင်တဲ့ ကုန်ပစ္စည်းမှန်သမျှကို အကုန်ဝယ်လှောင်ထားကြတာ။ ပစ္စည်းမရှိလို့ မဟုတ်ဘူး။ ပစ္စည်းက ရှိတယ်။ စျေးတက်လာလို့ အပြင်ကို ထုတ်မရောင်းတာ။ သူများနိုင်ငံတွေက ဒီလိုမျိုး ပေးမလုပ်ဘူး။ ဥပမာ ယိုးဒယားတို့ ဘာတို့ဆိုရင် ကုန်ပစ္စည်းတွေ လှောင်ထားလို့ရှိရင် လိုက်ပြီး ထိန်းချုပ်တာ လိုက်ပြီးဖမ်းဆီးတာတို့ ရှိတယ်။ ကိုယ့်နိုင်ငံမှာတော့ ဒါနဲ့ပဲ လုပ်စားနေကြတာ။ ကျနော်တို့လည်း ရောင်းစရာ ရှိနေရင်တော့ ရောင်းပေးမှာပါ။ တကယ်လို့ ရောင်းစရာ မရှိတော့ရင်တော့ ဆိုင်ပိတ်ရမယ့် အနေအထားပဲလေ။ ဒါကြောင့် ဝယ်မရတော့ရင်တော့ ကျနော်တို့လည်း ဆိုင်နားရမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ကတော့ ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်တဲ့ အထိတော့ မဖြစ်နိုင်ပေမဲ့ နိုင်ငံခြားကနေ စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲကြောင့် ပြန်လည်ဖြန့်ဖြူးရောင်းချရေးမှာ အခက်အခဲတွေ ဖြစ်နေတာပါ လို့ အင်တာဗျူး တခုမှာ ဖြေဆိုထားပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ စက်သုံးဆီစျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ စျေးနှုန်းက တလီတာကို  ဓာတ်ဆီ-၉၂ အမျိုးအစားက ၁၈၉၀ ကျပ်၊ ဓာတ်ဆီ-၉၅ အမျိုးအစားက ၁၉၇၅ ကျပ်နဲ့ ဒီဇယ်(ရိုးရိုး) ၂၁၆၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၂၁၈၀ ကျပ် ရှိပါတယ်။

အလားတူ မန္တလေးမြို့ရှိ စက်သုံးဆီစျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ စျေးနှုန်းက တလီတာကို ဓာတ်ဆီ-၉၂ အမျိုးအစားက ၁၉၆၀ ကျပ်၊ ဓာတ်ဆီ-၉၅ အမျိုးအစားက ၂၁၁၀ ကျပ်နဲ့ ဒီဇယ်(ရိုးရိုး) ၂၂၂၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၂၂၆၅ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013