DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာလေကြောင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း မြန်မာသို့ နိုင်ငံခြားသားခရီးသည် အများအပြားလာရန် မဖြစ်နိုင်သေး
DVB
·
April 18, 2022
နိုင်ငံတကာလေကြောင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း မြန်မာသို့ နိုင်ငံခြားသားခရီးသည် အများအပြားလာရန် မဖြစ်နိုင်သေး
Donate to DVB

ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် အချိန် ၂ နှစ်ကျော် ရပ်နားခဲ့ရတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က နိုင်ငံတကာလေကြောင်း လိုင်းတွေကို ပြန်လည်စတင်လက်ခံနေပြီ ဖြစ်ပေမဲ့ နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားတွေ မြန်မာပြည်ကို အရင်လို အများအပြား ပြန်လည်ဝင်လာဖို့က မဖြစ်နိုင် သေးဘူးလို့  ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်း လျှော့ကျလာတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက  ပြည်ပမှ ဝင်ရောက်လာတဲ့သူတွေကို ယခင်က ကွာရန်တင်းမှာ နေထိုင်ရမည့် ရက်ကို အချိန် ၂ ပတ်အထိ သတ်မှတ်ခဲ့ရာမှ ယခုအခါ အချိန် ၁ ရက်သာ နေထိုင်ရမည်ဟု ဖြေလျှော့ပေးလာပါတယ်။

ဒါ့အပြင် ကာလအတန်ကြာ ရပ်နားခဲ့ရတဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေကိုလည်း ယခုအခါ ကိုဗစ်စည်းကမ်း သတ်မှတ်ချက်နဲ့အညီ ဝင်ထွက်ခွင့် ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် တစုံတရာသက်ရောက်မှု ရှိလာမလား ဆိုတာနဲ့ ပတ်သတ်ပြီး နိုင်ငံခြားသား ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီပိုင်ရှင်တဦးက “အခုလောလောဆယ်မှာတော့ (commercial flight)တွေက အခုမှ စပြီး ပြန်ဆွဲမှာဆိုတော့ စျေးကွက်မှာ စီးပွားရေးအရ ခရီးသွားတဲ့သူတွေ (business  supplier)တွေ အရင်ဆုံး လာဖို့ ရှိတာကိုတော့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ တခု ရှိတာက အပန်းဖြေခရီးသွားတွေပေါ့။ သူတို့ကတော့ မြန်မာပြည်ဆီ ချက်ချင်းလာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အပန်းဖြေခရီးသွားတွေအတွက်က မြန်မာပြည်နည်းတူ တခြားရွေးချယ်စရာ နိုင်ငံတွေ ရှိနေတယ်။ ပြီးတော့ ရွေးချယ်စရာရှိတဲ့ အဲ့ဒီ့နိုင်ငံတွေမှာ ကန့်သတ်ချက်တွေကလည်း အများကြီး ဖြေလျှော့ပေးထားတာတွေရှိတယ်။ ဥပမာအားဖြင့်ဆိုရင် ကွာရန်တင်းအတွက် နေထိုင်စရာမလိုတာ။ ဆေးစစ်ဖို့ မလိုတာ။ ဒါမျိုးဖြေလျှော့ထားတဲ့အတွက် မြန်မာနိုင်ငံထက်တော့ အားသာနေသေးတယ်။ ဆိုတော့ အဲ့ဒီ့အားသာ ချက်တွေရှိတဲ့နိုင်ငံတွေဆီ သူတို့က သွားကြမှာဘဲ။ နောက်တချက်က တခြားနိုင်ငံတွေမှာ စျေးနှုန်းနဲ့ပတ်သတ်ပြီးတော့ (incentive) မက်လုံးတွေနဲ့ ဆွဲဆောင်မှုတွေ ပေးထားကြတယ်။ အဲ့ဒါကတော့ ဘယ်ဟိုတယ်မှာနေရင် ဘယ်လိုအကျိုးခံစား ခွင့်တွေရမယ် စသဖြင့်ပေါ့နော် ဆွဲဆောင်နေတာတွေ အများကြီးရှိတယ်။ ကျနော်တို့ဆီမှာ အခုအချိန်ထိ (marketing) စျေးကွက်မြှင့်တင်ရေးနဲ့ပတ်သတ်ပြီး သေသေချာချာ ဘာမှ မလုပ်ရသေးဘူး။ ဆိုတော့ အပန်းဖြေ ခရီးသွားတွေ လာဖို့ အတွက်ကတော့ လိုပါသေးတယ်” လို့ ပြောပါတယ်။

ပြည်တွင်း၊ပြည်ပခရီးစဉ်အတွက်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးကတော့ “ကျနော်မြင်တာက inbound နဲ့ လာမယ့် နိုင်ငံခြားသားခရီးသည်တွေက မြန်မာနိုင်ငံဆီ ဝင်တော့ ဝင်လာကြမှာပဲ။ ဘာလို့လဲဆို မြန်မာနိုင်ငံမှာရှိနေတဲ့ သူတို့ စီးပွားရေးတွေကို မျက်ခြေပြတ်သွားမအောင်ပေါ့နော်။ တချို့ဆို ဒီမှာ စက်ရုံတည်ထားတာတွေ ရှိတယ်လေ။ ဆိုတော့ သူတို့က ပြန်ဝင်လာကြမှာဘဲ။ ဒါကြောင့် အခုလောလောဆယ်မှာတော့ ဒီပြန်လာမယ့်  flight တွေမှာ ပြည့်နေလိမ့်မယ်ဗျ။ ပြီးတော့ outbound tour အနေနဲ့ ထွက်မည့်သူတွေလည်း ရှိလာလိမ့်မယ်။ ဘာလို့လဲဆို ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံသားတွေက ဒီမှာ အနေကြာလို့ မွန်းကြပ်လာတာကို ဖြေဖျောက်ဖို့ ပြည်ပထွက်ပြီး အပန်းဖြေကြတာမျိုးတွေ ရှိကြတယ်။ ဆိုတော့ inbound နဲ့ outbound ကတော့ ခုကာလမှာ လူပြည့်ပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလမှစပြီး သိသိသာသာ ကျဆင်းခဲ့ရတဲ့အပြင် စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည့် ဝင်ရောက်မှုက မရှိသလောက် လျှော့နည်းခဲ့ရပါတယ်။

ကိုဗစ်ရောဂါကူးစက်မှု အဖြစ်ခင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံဆီ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုက ၄ သန်းခွဲခန့် ရှိခဲ့တာကြောင့် ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုက ၂၃ ရာခိုင်နှုန်းအထိ တိုးတက် မှုရှိခဲ့တာ တွေ့ရပါတယ်။

ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့က စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ  Commercial Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပျံသန်းအမှတ် UB 1002 က ရန်ကုန်မြို့သို့ ပထမဦးဆုံးအကြိမ် ပြန်လည်ပြေးဆွဲခဲ့ရာမှာ မြန်မာနိုင်ငံသားအများစုအပါအဝင် ခရီးသည် စုစုပေါင်း  ၁၂၄ ဦး လိုက်ပါခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013